ဝရံတာ လက်ရန်းကို ဗိုက်လေးနှင့် ထောက်ကာ အောက်ကို ငုံ့ကြည့်တော့ လမ်းလေးသည် သေးသေးလေး ဖြစ်နေသည်။ မျက်စိရှေ့ တစ်ခုခုများ ဖြတ်သွားသလား..။ သူ လိုက်ရှာကြည့်တော့ ကုက္ကိုလ်ပန်း နီနီလေးက လေထဲ ဝေ့၀ိုက် လွင့်ဝဲလျက်။ လေက ပင့်တင်လိုက်လျင် အပေါ်ဘက်သို့ တက်လာပြီး လေငြိမ်သွားလျင် ညင်ညင်သာသာ ပြန်ဆင်းသွား သူ တီဗီထဲတွင် ကြည့်ဖူးသော ဘဲလေးအက ကသူများနှင့်ပင် တူသေးတော့။ နေ့လည်နေ့ခင်း ငြိမ်ဆိတ်နေချိန်တွင် ဘယ်လို အသံစာစာလေးက ပေါ်နေပါလိမ့်။ သူအနားမှပင် ဖြစ်သည်။ တဖက်ခန်း ၀ရံတာနားဆီမှ ကလေးတစ်ယောက် စာအံနေသံ။" ဤခရီး နီးသလား ... ငါးနာရီ လာရ၏ .. ဤခရီး နီးသလား ... ငါးနာရီ .. လာရ၏။ "
သူ ငယ်ငယ်တုန်းက ဒီလိုပဲ စာကို အော်ကာ သံရှည်ဆွဲကာ ကျက်ခဲ့ပါလိမ့်မည်။ သူငယ်ငယ်က စာကျက် ပျင်းသည်တဲ့။ မှတ်ဥာဏ်လည်း သိပ်ကောင်းပုံ မပေါ်ပါ အမေက အမှတ်သညာ နည်းလွန်းတဲ့ ကောင်မဟု ခဏခဏ ငြူဆူ အော်ဟစ် ကြိမ်းမောင်းခြင်းကိုလည်း ခံခဲ့ရသည်။ ကျောင်းတက်သော နှစ်ကာလ များကို သူမမှတ်မိတော့ပါ။ သူ မှတ်မိနေသည်က ရပ်ကွက်တွင်း အိမ်ကြား လမ်းကျဉ်းကျဉ်းလေးတွင် သူငယ်ချင်းများနှင့် ကျောင်းသွား၊ ကျောင်းပြန်ရသည်သာ။ အိမ်လေးတွေဘေး ဖြတ်သွားလျင် ထိုအိမ်လေးများထဲမှ အချင်းအရာများကို ရှင်းရှင်းလင်းလင်း မြင်ရသည်။ ကလေးများနှင့် ခွေးများက လမ်းပေါ်တွင် ပြေးဆော့လျက်၊ ငိုယိုလျက်။ လမ်းဘေးတွင်ပဲ ပလတ်စတစ် ဇလုံကြီးများ ချကာ အ၀တ်လျော်နေသော သူက လျော်လျက်။ သူတို့လမ်းထဲမှ အများစုသည် လက်လုပ်လက်စားများနှင့် ၀န်ထမ်းများသာ ဖြစ်သည်။
ထိုလမ်းလေးပေါ်မှ ဖြတ်ကာ နေ့စဉ်နေ့တိုင်း ဆော့ရင်း ကစားရင်း ကျောင်းသို့ သွားခဲ့သည်သာ အမှတ်ရတော့သည်။ ကွန်ကရစ် အကျိုးအကွဲများနှင့် မညီညာသော လူလျောက်လမ်းလေးပေါ် ခုန်ဆွ ခုန်ဆွနှင့် ဆော့ကစားခဲ့သည်။ ထိုစဉ်က အုတ်ကွဲ အုတ်ပဲကြားတွင် ကုတ်ကပ်သပ်ခါ ပေါက်နေသော မြက်ပင်လေးများ၊ ထိကရုန်းပင်လေးများ အကြောင်း မတွေးမိခဲ့ပါ။ ဒီနေရာ သေးသေးလေး လူတွေ နင်းလိုက် ဖြတ်လိုက်ခံနေရသည့် ကြားမှ ဘာလို့များ ဖက်တွယ် ရှင်သန်နေပါလိမ့်။ ခုမှ သူ တွေးမိခြင်း ဖြစ်သည်။ ရှင်သန်ချင် စိတ်ပဲ ကြီးမားလို့လား၊ သဘာဝကကို ဒီလို ပတ်ဝန်းကျင်မှာ ရှင်သန်နိုင်အောင် ပြုပြင် ပေးထားသည်လား မသိ။ အပင်လေးတွေက ဒီလိုဆို သူကကော ... ... ... ... ။
ကုက္ကိုလ် ပန်းပွင့်လေးက အမွေးဖွားဖွား နီနီလေးနှင့် လေထဲ မြင့်လိုက်၊ တက်လိုက် .. မြင့်လိုက်၊ တက်လိုက်။ ကျောင်း တပိုင်းတစနှင့် ထွက်ခဲ့ရသော သူ့မှာ လုပ်စရာ အလုပ်လည်း ကောင်းကောင်းမွန်မွန် မရှိပါ။ ယခုတော့ သူမမှာ အလုပ်ရှိပြီဟု ဆိုလျင်လည်း ရပါသည်။
တိုက်ခန်းထဲ ပြန်ဝင်လာပြီး တီဗီရှေ့ ၀ိုင်းထိုင်ကာ နေကြာစေ့ ကိုက်ရင်း ကိုးရီးယား ဇာတ်ကားကို နစ်မြောနေသော အခန်းဖော်များကြား ၀င်ထိုင်လိုက်သည်။ တယောက်က အ၀တ်အစားများကို မီးပူထိုးနေသည်။ အခန်းပိုင်ရှင် မမသည် သူမတို့ အလုပ်ရှင်လည်း ဖြစ်သည်။ ဒရင်းဘက်ပေါ် လှဲနေသော မမက " ကောင်မလေးတွေ ရေမချိုး မပြင်ဆင်ကြ သေးဘူးလား၊ ခနနေ ဧည့်သည်တွေ ခေါ်တဲ့ခါ မပြီးမစီး ဖြစ်မယ်နော်" ဟု လှမ်းသတိပေးသည်။ ဤတိုက်ခန်းလေးသည် မမ ပိုင်သည့် တိုက်ခန်းလေး ဖြစ်သည်။ သူ အပါအ၀င် မိန်းကလေး ဆယ်ယောက် ရှိသည်။ ဧည့်သည် ခေါ်သည့်အချိန်နှင့် မမ နှင့်အတူ အပြင် ထွက်လည်ခွင့်ရချိန်မှ လွဲလျင် တိုက်ခန်း အပြင်ထွက်ခွင့် မရှိပါ။ ကိုးရီးယားကားကို တပိုင်းတစနှင့် ပိတ်လိုက်ရသည့် အတွက် နှုတ်ခမ်း စူသူစူ၊ မျက်နှာ မဲ့သူမဲ့နှင့် သို့သော်လည်း မမ ပြောသည်မှာ မှန်သည်မို့ ရေချိုးရန် ပြင်ကြရလေသည်။
ရေချိုးခန်း စောင့်ရမည်ဖြစ်၍ တချို့က အိပ်ရာလေးပေါ်တွင် ခန လှဲသူလှဲ၊ တချို့က အ၀တ်အစား ရွေးသူ ရွေးကြသည်။ သူကတော့ ပြင်ဆင်နေသူ များကိုသာ ခပ်ငေးငေး ကြည့်နေမိတော့သည်။ ဘယ်လောက် ပြင်ဆင်သည် ဖြစ်စေ သိပ်တော့လည်း အရေးမကြီးပါဘူး မဟုတ်လား။ ခြေရင်းနားက အ၀တ် ကြိုးတန်းလေးက အတွင်းခံ အ၀တ်များ၊ အိမ်နေရင်း ၀တ်သည့် အ၀တ်ဟောင်းများ၏ ၀န်ဖြင့် အိကြနေသည်။ အိပ်ယာပေါ် ထိုင်ရင်း ခြေသည်းဆိုးနေသော ကောင်မလေးက သူ မမဆီမှ ယူထားသော ပိုက်ဆံစာရင်းကို အခြား တစ်ယောက်အား ပြောပြနေသည်။ "အဒေါ် မနက်က လာသွားတယ် ကလေးက နေမကောင်းဘူးတဲ့ ... ပြီးခဲ့တဲ့ လက ငါ့မှာ ဧည့်သည် အ၀င်နည်းတော့ မမဆီက ယူရတာပေါ့ဟ အကြွေးတင်ပြန်ပြီ" ဆိုသည့် ညည်းသံ .. ရေချိုးခန်းမှ ရေကျသံ တဗွမ်းဗွမ်းကို အဆက်မပြတ် ကြားနေရသည်။
မျက်စိလည် လမ်းမှားကာ ရောက်လာပုံ ရသည့် လိပ်ပြာလေး တစ်ကောင်က နားခိုရာ ရှာတွေ့ပုံ ပေါ်ဟန် မတူပါ။ အခန်းထဲ လူးလား ခေါက်တုံ့ ပျံဝဲနေသည်ကို သူအမှတ်တမဲ့ပင် ငေးမောမိလျက် ရှိလေ သည်။ အပြင်ဘက် အခန်းမှ မမကြီး ဖုန်းဖြေနေသံ သဲ့သဲ့က တချက် တချက် သူ့အတွေးကို ပုတ်ပုတ် နိုးလိုက် သလိုလို။ သူသာ မဟုတ် ခြေသည်း ဆိုးနေသည့် ကောင်မလေး ကလည်း နားစွင့်နေဟန် ရှိသည်။ " အင်း .. ဟိုတယ် အခန်းနံပါတ် ဘယ်လောက်၊ ဟုတ် .. ထည့်ပေးလိုက်ပါ့မယ် .. အကိုတို့ လူရွေးပြီးရင် ကျန်တဲ့ လူတွေကို တက်စီဖိုးပေးပြီး ပြန်လွတ်လိုက်ပါ၊ ဟုတ် .. စိတ်ချပါ၊ အကျင့်လည်း ကောင်းပါတယ် ... " မမကြီး ဖုန်းပြောသံ အဆုံးတွင် ခြေသည်းဆိုးနေသော ကောင်မလေးက သက်ပြင်းချရင်း "ဧည့်သည် သဘော ကောင်းပါစေ၊ ဒို့တွေ အကျင့်ကောင်းတယ် မေးသလို သူတို့လည်း အကျင့်ကောင်းပါစေ" ဟု ဆုတောင်း သလိုလို ရေရွတ်သည်။
တကယ်တော့ ကားခ ဆိုသည်မှာ အလုပ် မလုပ်ဖြစ်သော ကောင်မလေးများ အတွက် မုန့်ဖိုးရရန် မမကြီးက တမင် ပြောပေးခြင်း ဖြစ်သည်။ သူတို့ကို ဟိုတယ်သို့ မမကြီး၏ မောင်ဖြစ်သူ ကိုယ်တိုင် ကားမောင်း ကာ လိုက်ပို့ခြင်း ဖြစ်သလို မကြိုက်၍ ပြန်လွတ်သော သူများသည်လည်း ထိုကားဖြင့်ပင် ပြန်ခေါ်လာခြင်း ဖြစ်သည်။ မမကြီး၏ မောင်က မနက်ပိုင်း ကျောင်းကား ဖယ်ရီဆွဲကာ ညပိုင်းတွင် သူတို့တွေကို လိုက်ပို့ပေးလေ့ ရှိသည်။
အ၀တ်အစားများကို ကားပေါ်တွင်ပင် လဲလှယ် ၀တ်ဆင်ရမည် ဖြစ်သည်။ အိမ်ပေါ်မှ ဆင်းလျင် စကားသံ မထွက်ရ၊ ထမီဖြင့် မိန်းမကောင်း ပီပီသသ ဆင်းရန်၊ ခြေသံ မထွက်ရန် မမကြီး မှာကြား ထားသည်ကို သတိရသည်။ ဘေးအခန်း နီးခြင်းများ အရပ်ထဲမှ သူများ ငြိုငြင်မှုကို မခံရမှ သူမတို့ နေရာ ခနခန ရွေ့ပြောင်းရခြင်း ဒဏ်မှ ကင်းဝေးမည် မဟုတ်လား။ ရံဖန်ရံခါ ပျင်းလွန်း၍ ၀ရံတာရှေ့ ထွက်ရပ်မိလျင် ရပ်ကွက်ထဲမှ ကောင်လေး တချို့၏ လှမ်းကြည့်မှုကို ခံရသည်။ ထိုကြည်နူးစရာသည် ကာလ ကြာရှည်ခံသည် တော့လည်း မဟုတ်ပါ။ တယောက်ယောက်က ဖျက်ဆီးလိုက်သောကြောင့်၊ သို့မဟုတ် မိမိ ကိုယ်တိုင်ကပင် ဖျက်ဆီး လိုက်သောကြောင့် ခန တွင်းချင်း ပျက်ပြယ်သွားလေ့ ရှိသည်။
ကားပေါ် စုတက်ကြပြီး နောက်ခန်းမှ သူမတို့ တိုက်ခန်းလေးဆီ ဘာရယ်မဟုတ် ပြန်ငေးကြည့်တော့ တဖက်ခန်းမှ ကလေးလေး စာအံသံက လွင့်ပျံလာပြန်သည်။ " `ဤခရီးနီးသလား .. ငါးနာရီ လာရ၏ ..ဤခရီးနီးသလား .. ငါးနာရီ လာရ၏" ဤခရီးနီးမနီး လျောက်ကြည့်သူသာ အသိဆုံးရယ်ပါ။ ကားလေး အရှိန်မြင့်ကာ မောင်းထွက်လိုက်တော့ ကတ္တရာ လမ်းမထက် ကြွေကျ နေသော ကုက္ကိုလ်ပန်း နီနီလေးများက လေအရှိန်ဖြင့် အပေါ်သို့ လွင့်ပျံတက်သည်။ သို့သော် သူတို့ ဒီတခါတော့ အမြင့်ကြီး မရောက်တော့ပါ ... ... ...။
ဒီလူကြီး ကတော့ ဝမ်းစာတွေ ဘယ်လိုစု ထားပါလိမ့်။
ReplyDeleteကိုယ်ဈေးသည် လေးတွေအကြောင်းဆို
ဖတ်ရတာ နင့်ခနဲ နေအောင်ရေးတတ်တယ် ။