Wednesday, May 15, 2013

ဆရာမ

အဖွားတင် ...။ ကျနော့်ခေါ်သံကို နားစွင့်ရှာသည်။ မျက်မှောင်ကိုကြုံ့သည်။ ကျနော်က နေရောင်ကိုကျောပေး၍ ၀င်လာသောကြောင့် ကျနော့်မျက်နှာကို မြင်ရဟန်မတူပေ။ နေရောင်ကို လက်ဖြင့်ကာ၍ ကျနော့်ကိုမေးသည်။ ဘယ်သူလဲ ...။ အဖွားတင် ... ကျနော် သီဟ ။   ထိုအခါမှ ကျနော့်လက်ကိုကိုင်ပြီး သူ့ဘက်ဆွဲခေါ်သည်။ နှုတ်ခမ်းကိုက်သည်။ ပြီးလျင် နင် ... နင်ဟုခေါ်ရင်း စကားတွေ တတွတ်တွတ်ပြောပါတော့သည်။

ရေနံချေးတို့ဝနေသော ဤနှစ်ထပ်အိမ်ကြီးတွင် ကျနော်နှင့် အခြားကလေးများစွာနေခဲ့ဖူးသည်။ ကတ္တရာလမ်းမထက် နှိမ့်သောချိုင့်တွင်ဆောက်ထားပြီး လှေကားလေးဖြင့် အိမ်ကြီးဆီသို့ ဆင်းသွားရသည်။
ကျောင်းဆင်းချိန်တိုင်းတွင် ကျောင်းမှမြူးတူးစွာပြန်လာခဲ့လည်း ထိုအိမ်ကြီးနားရောက်ရင် လွယ်အိတ်ကို သေသေသပ်သပ်ပြန်လွယ်၊ ပေရေနေသော ဖုန်ကိုခါ၊ အင်္ကျီကို သပ်ရပ်အောင်ဆွဲဆန့်ကာ
ထိုအိမ်ကြီးဆီသို့သွားခဲ့ရသည်။ ထိုအိမ်ကြီး၏ အပေါ်ထပ်တွင် သစ်သားစားပွဲရှည်ကြီး နှစ်ခု စားပွဲဝိုင်းတခု ၊ သင်ပုန်းကြီးတချပ်လည်း ရှိသည်။
ကလေးများသည် အတန်းအမျိုးမျိုးဖြစ်သော်လည်း အားလုံးသည် မူလတန်းကျောင်းသားများသာဖြစ်သည်။ သူငယ်တန်းကျောင်းသားဘ၀တွင် ကျနော်သည် ထိုအိမ်ကြီးသို့
ကျောက်သင်ပုန်းလေး တစ်ချပ်၊ ဆန်နို့ဆီဘူးတစ်လုံး၊ ဖယောာင်းတိုင် တစ်ထုပ်ဖြင့်ရောက်ခဲ့သည်။ ကျူရှင်ဟုသတ်မှတ်လျင်လည်း ကျူရှင်၊ ကျောင်းဟုခေါ်ချင်လျှင်လည်း ကျောင်းပင်။
ကလေးများကို ပညာသင်ပေး၊ ဆုံးမသွန်သင်ပေးသည့်အတွက် တစ်လတာလခက ဆန်နို့ဆီဘူးတစ်လုံးနှင့် ဖယောင်းတိုင်။ ဤသည်ကိုလည်း သတ်မှတ်ထားသည် ဟုတ်ချင်မှဟုတ်မည်။
အများကဤနည်းတူပေးသဖြင့် ကျနော်တို့ မိခင်ကလည်း လိုက်ပေးခြင်းသာဖြစ်သည်။

အဖွားတင်သည် ကျနော်တက်သော အလယ်တန်းကျောင်းတွင် မူလတန်းပြဆရာမဖြစ်သည်။ အဖွားတင် သင်သောဘာသာရပ်က သင်္ချာနှင့် မြန်မာစာ။
ကျနော်တို့သည် ကျောက်သင်ပုန်းလေးတစ်ချပ်ဖြင့် ၀လုံးပေါင်းမြှောက်များစွာရေးခဲ့ရသည်။ ၀လုံးလေးတွေပိန်နေလျင်၊ ရှည်နေလျင် ပြန်ဖျက်၊ ပြန်ရေး..။
ကျနော်တို့လက်သေးသေးလေးကို အဖွားတင်လက်ဖြင့်အုပ်ကိုင်ကာ ၀လုံးလေးတွေရေးပေးခဲ့သည်။ ၀လုံးတွေကိုရေးဖို့ မျဉ်းကဘယ်ကစသည်။ ဘယ်လိုဝိုက်သည်။
ကျောက်သင်ပုန်းလေးပေါ်တွင် ၀ါးခြမ်းပြားလေးဖြင့်တိုင်းကာ ကျောက်တံနှင့် မျဉ်းတားပေးသည်လည်း အဖွားတင်။
ကြိမ်လုံးသေးသေးတစ်လုံး ဆောင်ထားသော်လည်း ကျောင်းသားများစကားများကာဆူလာလျင် ကျောက်သင်ပုန်းကို တဗြန်းဗြန်းရိုက်ပြီး လှန့်ဖို့ ၊ သတိပေးဖို့လောက်သာ။
အဖွားတင်လက်နက်က ဗိုက်ကြောဆွဲခြင်း ။ ကျနော်တို့ အပြစ်လုပ်လျှင်၊ စာမကျက်ခဲ့လျှင်၊ အိမ်စာမလုပ်ခဲ့လျှင် ဗိုက်ကြောလိမ်ခံရသည်။
ရှေးမြန်မာဆရာမကြီးတွင် ယခုခေတ်လိုကျောင်းသားဗဟိုပြု ဘာဗဟိုပြုပညာရေးမရှိ။ သင်္ချာတွက်လျင်တောင် အသံထွက်တွက်ကြသည်ဆိုလျင် ယုံမည်လားမသိ။
ဟဲ့ ... ပါးစပ်ကပါအသံထွက်ဟု ခိုင်းကာ တွက်ခိုင်းသည်။ လက်တွေကော ခြေထောက်တွေကော ... ပါးစပ်ကပါအသံထွက်သေးသည်။ ခြောက်နဲ့ တဆယ့်သုံး ပေါင်း ဘယ်လောက်လဲမေးလျင်
ခြောက်ကို စိတ်ထဲမှာမှတ်ဟု အသံထွက်မိလျင် နည်းတာမှတ်ရလား၊ လက်တွေခြေတွေထောင်ရမခက်ဘူးလားဟု ပြန်အော်လိမ့်မည်။ တဆယ့်သုံးကို စိတ်ထဲမှာမှတ် ခြောက်ချောင်းထောင် ဟုပါးစပ်ကအော်ရင်း
လက်ကလေးခြောက်ချောင်းထောင် တချောင်းချိုးတိုင်း တစ်ဆယ့်လေး၊ တစ်ဆယ့်ငါးဆက်ရေတွက်ရသည်။ ဆယ့်လေး၊ ဆယ့်ငါးဟု အသံထွက်မိလျင် ဗိုက်ကြောနာမည်။ တစ်ဆယ့်လေး၊ တစ်ဆယ့်ငါး။
ယိမ်းတိုက်သလို ကျောင်းသားလေးငါးခြောက်ယောက်သည် ကျောက်သင်ပုန်းရှေ့ တင်ပျင်ခွေထိုင်ရင်း
လက်လေးတွေထောင်ရင်း လက်လေးတွေချိုးရင်း ဂဏန်းသင်္ချာတွက်ခဲ့ကြသည်။ ကဗျာရွတ်ခဲ့ရသည်။

ကျနော် အထက်တန်းရောက်ပြီ ။ ဂဏန်းတွက်ရာတွင် လက်လေးမချိုးတော့။ အရာရာကို ပါးစပ်ကမအော်တော့။ သို့သော် စီးကရက်လေးလက်ကြားညှပ်တတ်လာသည်။ နှုတ်ခမ်းဖျားမှာ စီးကရက်လေးချိတ်တတ်လာသည်။
ကိုယ့်ကိုယ်ကို လူကြီးဖြစ်လာသည်ဟု ထင်သည်။ ထိုအထင်သည် ကျောင်းသွားကျောင်းပြန် အဖွားတင်အိမ်ရှေ့ရောက်လျင် ကြက်ပျောက်ငှက်ပျောက်ပျောက်မြဲ။ ထိုအိမ်ကြီးရှေ့ရောက်လျင် တချက်ကြည့်၊ စက်ဘီးကိုအမြန်နင်း။
မဟုတ်ပါက ... ဟဲ့ လာဦးဟုခေါ်ကာ ပုဆိုးချက်ပြုတ်ဖြစ်နေလျှင် ဗိုက်ကြောဆွဲကာ ပြန်တင်ဝတ်ခိုင်းမည်။ စီးကရက်နံ့ရလျှင်လည်း အဆွဲခံရမည်။ ကျနော်တို့ကကော ဘာများတတ်နိုင်မည်နည်း။

ကျနော် တက္ကသိုလ်မှဘွဲ့ရပြီးသည့်အခါ အဖွားတင်အိမ်ကို ရှောင်၍သွားနိုင်သောလမ်းများရှိသည့်တိုင် ထိုအိမ်ရှေ့မှဖြတ်မိသည်။ ဖြတ်တိုင်းလည်း အဖွားတင်ကို ရှာမိသည်။ လမ်းမထက်မှ မျှော်ကြည့်လျင် အဖွားတင်က ကျောက်သင်ပုန်းကို
တဗြန်းဗြန်းရိုက်ကာ ကလေးများကို လက်ကိုဘယ်နှစ်ချောင်းထောင် စိတ်ထဲဘယ်လောက်မှတ်ဟု သင်မြဲ၊ သင်ဆဲ။ ရံဖန်ရံခါဆုံလျင် စီးကရက်နံ့ရမရ အဖွားတင်က စုံစမ်းမြဲ။ ကျနော်ကလည်း သောက်မြဲဖြစ်သဖြင့် ဗိုက်ကြောဆွဲခံရကာ
တဟဲဟဲ ရယ်မြဲ။ ဒါသည်ပင် ကျနော်နှင့် ကျနော့်လက်ဦးဆရာမကြီး အဖွားတင်တို့၏ ကစားနည်းတခုလိုလို။

အပေါ်ထပ်တံခါးတို့သည် စေ့စေ့စပ်စပ်ပိတ်လျက်။ အပြင်ဘက် အတက်အဆင်းလှေခါးဆံပေါ်တွင် ဖုန်တို့တင်လျက်။ ယခု အဖွားတင်စာမသင်နိုင်တော့သဖြင့် ဒီလှေကားပေါ်က ကျောင်းသားကလေးငယ်တို့ အတက်အဆင်းမလုပ်တော့ပြီ။
ကျောက်သင်ပုန်းပေါ် ကြိမ်လုံးရိုက်သံတဗြန်းဗြန်း မကြားရတော့။ ဖြတ်သွားဖြတ်လာတိုင်းကြားနေရသော လက်ကိုဘယ်လောက်ထောင် ဘာကိုစိတ်ထဲမှာမှတ်စသည့် သံပြိုင်သံလေးမကြားရတော့။ အဖွားတင်ပင် ကလေးငယ်တယောက်တွဲကူပေးလျက် တောင်ဝှေးလေးနှင့် လမ်းလျောက်နေရသည်။
ယခု ကျနော့်လက်ပေါ် အုပ်မိုးထားသောလက်တို့သည် တချိန်က ကျနော့်ကို ၀လုံးဝိုင်းဝိုင်းမှ ကကြီး၊ ခခွေးဖြစ်လာအောင် သင်ပေးခဲ့သောလက်ဖြစ်သည်။
" နင် ... ငါအိမ်ထဲမှာနေပြီး ဘာမှမသိဘူးမထင်နဲ့၊ နင့်အကြောင်းအကုန်ကြားတယ် ... ဟမ် နင်ခု ဘာတွေလုပ်နေလဲ " စကားတွေကို မေးလည်းမေး၊ ပြောလည်းပြော ... ကျနော့်မျက်နှာဆီမျှော်ကြည့်နေသော ဆရာမမျက်လုံးတို့သည် ဝေသီလျက်။
" ကျနော် ကောင်းအောင်နေပါတယ် အဖွားတင်" ကျနော်ဤသို့ဖြေလျင် လက်ကိုတင်းတင်းဆုပ်သည်။ တပည့်အပေါ်ချစ်သောဇောသည် အားဖြစ်စေသလား ကျနော်မတွေးတတ်ပါ။
" အေး ဆေးလိပ်လည်းဖြတ် ၊ ဘာမှမကောင်းတဲ့ဟာကို ဘာလို့သောက်နေတာတုန်း " ၊ ကျနော်က ဟုတ် ဟုတ်ဟု ကတိပေးမြဲ။
ကြမ်းပေါ်ဆင်း၍ အဖွားတင်ကို ကန်တော့လျှင် ... အေး အမျိုးကိုစောင့်၊ နိုင်ငံကိုချစ်တဲ့ ယောက်ျားကောင်း၊ ယောက်ျားမြတ်ဖြစ်ပါစေဟု ဆုပေးသည်။

အဖွားတင်အိမ်မှအပြန် နေရီရီ၊ လေအေးအေးတွင် ကျနော်စိတ်ကြည်ကြည်လင်လင်ဖြင့် မြစ်ကမ်းဘေးလမ်းမှ ပြန်မိသည်။ အမှတ်မထင်ကြားရသော ရေစီးသံတွင် လက်လေးငါးချောင်းထောင်၊ ခြောက်ကို စိတ်ထဲမှာမှတ် .. ခြောက်၊ ခုနှစ်၊ ရှစ်၊ ကိုး စသည်ဖြင့် ကြားမိသလိုလို ... ... ... ... ။