Wednesday, May 15, 2013

ဆရာမ

အဖွားတင် ...။ ကျနော့်ခေါ်သံကို နားစွင့်ရှာသည်။ မျက်မှောင်ကိုကြုံ့သည်။ ကျနော်က နေရောင်ကိုကျောပေး၍ ၀င်လာသောကြောင့် ကျနော့်မျက်နှာကို မြင်ရဟန်မတူပေ။ နေရောင်ကို လက်ဖြင့်ကာ၍ ကျနော့်ကိုမေးသည်။ ဘယ်သူလဲ ...။ အဖွားတင် ... ကျနော် သီဟ ။   ထိုအခါမှ ကျနော့်လက်ကိုကိုင်ပြီး သူ့ဘက်ဆွဲခေါ်သည်။ နှုတ်ခမ်းကိုက်သည်။ ပြီးလျင် နင် ... နင်ဟုခေါ်ရင်း စကားတွေ တတွတ်တွတ်ပြောပါတော့သည်။

ရေနံချေးတို့ဝနေသော ဤနှစ်ထပ်အိမ်ကြီးတွင် ကျနော်နှင့် အခြားကလေးများစွာနေခဲ့ဖူးသည်။ ကတ္တရာလမ်းမထက် နှိမ့်သောချိုင့်တွင်ဆောက်ထားပြီး လှေကားလေးဖြင့် အိမ်ကြီးဆီသို့ ဆင်းသွားရသည်။
ကျောင်းဆင်းချိန်တိုင်းတွင် ကျောင်းမှမြူးတူးစွာပြန်လာခဲ့လည်း ထိုအိမ်ကြီးနားရောက်ရင် လွယ်အိတ်ကို သေသေသပ်သပ်ပြန်လွယ်၊ ပေရေနေသော ဖုန်ကိုခါ၊ အင်္ကျီကို သပ်ရပ်အောင်ဆွဲဆန့်ကာ
ထိုအိမ်ကြီးဆီသို့သွားခဲ့ရသည်။ ထိုအိမ်ကြီး၏ အပေါ်ထပ်တွင် သစ်သားစားပွဲရှည်ကြီး နှစ်ခု စားပွဲဝိုင်းတခု ၊ သင်ပုန်းကြီးတချပ်လည်း ရှိသည်။
ကလေးများသည် အတန်းအမျိုးမျိုးဖြစ်သော်လည်း အားလုံးသည် မူလတန်းကျောင်းသားများသာဖြစ်သည်။ သူငယ်တန်းကျောင်းသားဘ၀တွင် ကျနော်သည် ထိုအိမ်ကြီးသို့
ကျောက်သင်ပုန်းလေး တစ်ချပ်၊ ဆန်နို့ဆီဘူးတစ်လုံး၊ ဖယောာင်းတိုင် တစ်ထုပ်ဖြင့်ရောက်ခဲ့သည်။ ကျူရှင်ဟုသတ်မှတ်လျင်လည်း ကျူရှင်၊ ကျောင်းဟုခေါ်ချင်လျှင်လည်း ကျောင်းပင်။
ကလေးများကို ပညာသင်ပေး၊ ဆုံးမသွန်သင်ပေးသည့်အတွက် တစ်လတာလခက ဆန်နို့ဆီဘူးတစ်လုံးနှင့် ဖယောင်းတိုင်။ ဤသည်ကိုလည်း သတ်မှတ်ထားသည် ဟုတ်ချင်မှဟုတ်မည်။
အများကဤနည်းတူပေးသဖြင့် ကျနော်တို့ မိခင်ကလည်း လိုက်ပေးခြင်းသာဖြစ်သည်။

အဖွားတင်သည် ကျနော်တက်သော အလယ်တန်းကျောင်းတွင် မူလတန်းပြဆရာမဖြစ်သည်။ အဖွားတင် သင်သောဘာသာရပ်က သင်္ချာနှင့် မြန်မာစာ။
ကျနော်တို့သည် ကျောက်သင်ပုန်းလေးတစ်ချပ်ဖြင့် ၀လုံးပေါင်းမြှောက်များစွာရေးခဲ့ရသည်။ ၀လုံးလေးတွေပိန်နေလျင်၊ ရှည်နေလျင် ပြန်ဖျက်၊ ပြန်ရေး..။
ကျနော်တို့လက်သေးသေးလေးကို အဖွားတင်လက်ဖြင့်အုပ်ကိုင်ကာ ၀လုံးလေးတွေရေးပေးခဲ့သည်။ ၀လုံးတွေကိုရေးဖို့ မျဉ်းကဘယ်ကစသည်။ ဘယ်လိုဝိုက်သည်။
ကျောက်သင်ပုန်းလေးပေါ်တွင် ၀ါးခြမ်းပြားလေးဖြင့်တိုင်းကာ ကျောက်တံနှင့် မျဉ်းတားပေးသည်လည်း အဖွားတင်။
ကြိမ်လုံးသေးသေးတစ်လုံး ဆောင်ထားသော်လည်း ကျောင်းသားများစကားများကာဆူလာလျင် ကျောက်သင်ပုန်းကို တဗြန်းဗြန်းရိုက်ပြီး လှန့်ဖို့ ၊ သတိပေးဖို့လောက်သာ။
အဖွားတင်လက်နက်က ဗိုက်ကြောဆွဲခြင်း ။ ကျနော်တို့ အပြစ်လုပ်လျှင်၊ စာမကျက်ခဲ့လျှင်၊ အိမ်စာမလုပ်ခဲ့လျှင် ဗိုက်ကြောလိမ်ခံရသည်။
ရှေးမြန်မာဆရာမကြီးတွင် ယခုခေတ်လိုကျောင်းသားဗဟိုပြု ဘာဗဟိုပြုပညာရေးမရှိ။ သင်္ချာတွက်လျင်တောင် အသံထွက်တွက်ကြသည်ဆိုလျင် ယုံမည်လားမသိ။
ဟဲ့ ... ပါးစပ်ကပါအသံထွက်ဟု ခိုင်းကာ တွက်ခိုင်းသည်။ လက်တွေကော ခြေထောက်တွေကော ... ပါးစပ်ကပါအသံထွက်သေးသည်။ ခြောက်နဲ့ တဆယ့်သုံး ပေါင်း ဘယ်လောက်လဲမေးလျင်
ခြောက်ကို စိတ်ထဲမှာမှတ်ဟု အသံထွက်မိလျင် နည်းတာမှတ်ရလား၊ လက်တွေခြေတွေထောင်ရမခက်ဘူးလားဟု ပြန်အော်လိမ့်မည်။ တဆယ့်သုံးကို စိတ်ထဲမှာမှတ် ခြောက်ချောင်းထောင် ဟုပါးစပ်ကအော်ရင်း
လက်ကလေးခြောက်ချောင်းထောင် တချောင်းချိုးတိုင်း တစ်ဆယ့်လေး၊ တစ်ဆယ့်ငါးဆက်ရေတွက်ရသည်။ ဆယ့်လေး၊ ဆယ့်ငါးဟု အသံထွက်မိလျင် ဗိုက်ကြောနာမည်။ တစ်ဆယ့်လေး၊ တစ်ဆယ့်ငါး။
ယိမ်းတိုက်သလို ကျောင်းသားလေးငါးခြောက်ယောက်သည် ကျောက်သင်ပုန်းရှေ့ တင်ပျင်ခွေထိုင်ရင်း
လက်လေးတွေထောင်ရင်း လက်လေးတွေချိုးရင်း ဂဏန်းသင်္ချာတွက်ခဲ့ကြသည်။ ကဗျာရွတ်ခဲ့ရသည်။

ကျနော် အထက်တန်းရောက်ပြီ ။ ဂဏန်းတွက်ရာတွင် လက်လေးမချိုးတော့။ အရာရာကို ပါးစပ်ကမအော်တော့။ သို့သော် စီးကရက်လေးလက်ကြားညှပ်တတ်လာသည်။ နှုတ်ခမ်းဖျားမှာ စီးကရက်လေးချိတ်တတ်လာသည်။
ကိုယ့်ကိုယ်ကို လူကြီးဖြစ်လာသည်ဟု ထင်သည်။ ထိုအထင်သည် ကျောင်းသွားကျောင်းပြန် အဖွားတင်အိမ်ရှေ့ရောက်လျင် ကြက်ပျောက်ငှက်ပျောက်ပျောက်မြဲ။ ထိုအိမ်ကြီးရှေ့ရောက်လျင် တချက်ကြည့်၊ စက်ဘီးကိုအမြန်နင်း။
မဟုတ်ပါက ... ဟဲ့ လာဦးဟုခေါ်ကာ ပုဆိုးချက်ပြုတ်ဖြစ်နေလျှင် ဗိုက်ကြောဆွဲကာ ပြန်တင်ဝတ်ခိုင်းမည်။ စီးကရက်နံ့ရလျှင်လည်း အဆွဲခံရမည်။ ကျနော်တို့ကကော ဘာများတတ်နိုင်မည်နည်း။

ကျနော် တက္ကသိုလ်မှဘွဲ့ရပြီးသည့်အခါ အဖွားတင်အိမ်ကို ရှောင်၍သွားနိုင်သောလမ်းများရှိသည့်တိုင် ထိုအိမ်ရှေ့မှဖြတ်မိသည်။ ဖြတ်တိုင်းလည်း အဖွားတင်ကို ရှာမိသည်။ လမ်းမထက်မှ မျှော်ကြည့်လျင် အဖွားတင်က ကျောက်သင်ပုန်းကို
တဗြန်းဗြန်းရိုက်ကာ ကလေးများကို လက်ကိုဘယ်နှစ်ချောင်းထောင် စိတ်ထဲဘယ်လောက်မှတ်ဟု သင်မြဲ၊ သင်ဆဲ။ ရံဖန်ရံခါဆုံလျင် စီးကရက်နံ့ရမရ အဖွားတင်က စုံစမ်းမြဲ။ ကျနော်ကလည်း သောက်မြဲဖြစ်သဖြင့် ဗိုက်ကြောဆွဲခံရကာ
တဟဲဟဲ ရယ်မြဲ။ ဒါသည်ပင် ကျနော်နှင့် ကျနော့်လက်ဦးဆရာမကြီး အဖွားတင်တို့၏ ကစားနည်းတခုလိုလို။

အပေါ်ထပ်တံခါးတို့သည် စေ့စေ့စပ်စပ်ပိတ်လျက်။ အပြင်ဘက် အတက်အဆင်းလှေခါးဆံပေါ်တွင် ဖုန်တို့တင်လျက်။ ယခု အဖွားတင်စာမသင်နိုင်တော့သဖြင့် ဒီလှေကားပေါ်က ကျောင်းသားကလေးငယ်တို့ အတက်အဆင်းမလုပ်တော့ပြီ။
ကျောက်သင်ပုန်းပေါ် ကြိမ်လုံးရိုက်သံတဗြန်းဗြန်း မကြားရတော့။ ဖြတ်သွားဖြတ်လာတိုင်းကြားနေရသော လက်ကိုဘယ်လောက်ထောင် ဘာကိုစိတ်ထဲမှာမှတ်စသည့် သံပြိုင်သံလေးမကြားရတော့။ အဖွားတင်ပင် ကလေးငယ်တယောက်တွဲကူပေးလျက် တောင်ဝှေးလေးနှင့် လမ်းလျောက်နေရသည်။
ယခု ကျနော့်လက်ပေါ် အုပ်မိုးထားသောလက်တို့သည် တချိန်က ကျနော့်ကို ၀လုံးဝိုင်းဝိုင်းမှ ကကြီး၊ ခခွေးဖြစ်လာအောင် သင်ပေးခဲ့သောလက်ဖြစ်သည်။
" နင် ... ငါအိမ်ထဲမှာနေပြီး ဘာမှမသိဘူးမထင်နဲ့၊ နင့်အကြောင်းအကုန်ကြားတယ် ... ဟမ် နင်ခု ဘာတွေလုပ်နေလဲ " စကားတွေကို မေးလည်းမေး၊ ပြောလည်းပြော ... ကျနော့်မျက်နှာဆီမျှော်ကြည့်နေသော ဆရာမမျက်လုံးတို့သည် ဝေသီလျက်။
" ကျနော် ကောင်းအောင်နေပါတယ် အဖွားတင်" ကျနော်ဤသို့ဖြေလျင် လက်ကိုတင်းတင်းဆုပ်သည်။ တပည့်အပေါ်ချစ်သောဇောသည် အားဖြစ်စေသလား ကျနော်မတွေးတတ်ပါ။
" အေး ဆေးလိပ်လည်းဖြတ် ၊ ဘာမှမကောင်းတဲ့ဟာကို ဘာလို့သောက်နေတာတုန်း " ၊ ကျနော်က ဟုတ် ဟုတ်ဟု ကတိပေးမြဲ။
ကြမ်းပေါ်ဆင်း၍ အဖွားတင်ကို ကန်တော့လျှင် ... အေး အမျိုးကိုစောင့်၊ နိုင်ငံကိုချစ်တဲ့ ယောက်ျားကောင်း၊ ယောက်ျားမြတ်ဖြစ်ပါစေဟု ဆုပေးသည်။

အဖွားတင်အိမ်မှအပြန် နေရီရီ၊ လေအေးအေးတွင် ကျနော်စိတ်ကြည်ကြည်လင်လင်ဖြင့် မြစ်ကမ်းဘေးလမ်းမှ ပြန်မိသည်။ အမှတ်မထင်ကြားရသော ရေစီးသံတွင် လက်လေးငါးချောင်းထောင်၊ ခြောက်ကို စိတ်ထဲမှာမှတ် .. ခြောက်၊ ခုနှစ်၊ ရှစ်၊ ကိုး စသည်ဖြင့် ကြားမိသလိုလို ... ... ... ... ။

Tuesday, July 5, 2011

လတ်တလော စိတ်ဆန္ဒများ

အနော်လေးရဲ့ တဂ်ပို့စ်ပါ။ အများကြီး အချိန်နောက်ကျသွားတဲ့အတွက်တော့ ခွင့်လွတ်။
စာရေးချင်စိတ် စာဖတ်ချင်စိတ်တွေ လုံးဝကိုကုန်ခန်းနေခဲ့တာ ကြာခဲ့ပြီ။ ခုတော့ ညီမလေးက တဂ်တာရယ် အမနဲ့ ညီမတွေက တွေ့တိုင်းမေးနေတာရယ်ကြောင့် ဘလော့ဂ်ကို ပြန်ဖွင့်မိတယ်။

(၁) အစားချင်ဆုံးအစားအစာ- အိမ်ထမင်း၊ အိမ်ဟင်းလေးစားချင်တယ်ဗျာ
(၂) နေ့တိုင်းစားဖြစ်တဲ့အစား- ထမင်းဟင်း၊ ကော်ဖီ
(၃) အလိုချင်ဆုံးရေမွှေး- (စူးရှရှကြီးမဖြစ်ရင် အားလုံးကြိုက် )
(၄) သုံးဖြစ်နေတဲ့ရေမွှေး - Guess ( လက်ဆောင်ရထားတာ ကိုယ့်ဟာကိုယ်ဆို ၀ယ်မသုံးဘူး )
(၅) အလိုချင်ဆုံးမွေးနေ့လက်ဆောင်- မွေးနေ့တောင် မေ့မေ့နေတယ် အမတွေ ပေးတဲ့မုန့်ဖိုးတော့ အမြဲမျှော်ပါ့
(၆) အလိုချင်ဆုံးဖုန်း - မရှိ
(၇) သုံးဖြစ်နေတဲ့ဖုန်း- မရှိ ( လမ်းဘေးဖုန်းကဆက်၊ အလုပ်ကဖုန်းကဆက် )
(၈)အရူးသွပ်ဆုံးအရာ- မရှိ
(၉) အနီးစပ်ဆုံးဂီတ- ရော့ခ်၊ ရော့ခ်၊ ရော့ခ် .. ဟားဟား
(၁၀) အလိုချင်ဆုံးစာအုပ်- အားပါး အများကြီးပဲ၊ ဖတ်ပြီးသားလည်းပြန်လိုချင်တယ်
(၁၁) အခုဖတ်ဖြစ်နေတဲ့စာအုပ်- စာအုပ်မဟုတ်ဘူး မဂ္ဂဇင်းနဲ့ နိုင်ငံတကာရေးရာ ဂျာနယ်တွေ
(၁၂) အကြားချင်ဆုံးစကား- လိမ္မာလာပြီ
(၁၃)အဖြစ်ချင်ဆုံးဆန္ဒ- တပြည်လုံး ငြိမ်းချမ်းသာယာပါစေ
(၁၄)အလိုချင်ဆုံးဆု- မရှိ
(၁၅) အသွားချင်ဆုံးနေရာ- တောထဲတောင်ထဲတွေ၊ ရွာတွေ
(၁၆) သွားဖြစ်တဲ့နေရာတွေ- အလုပ်ချိန်ကလွဲရင် အိမ်ပေါ်ကနေတောင် အောက်မဆင်းဘူး
(၁၇) အကြည့်ချင်ဆုံးရုပ်ရှင်- မြန်မာကားဆို- ဒိုး (ကျော်သူ၊ စိုးသူ)
(၁၈) အပြောချင်ဆုံးစကား-  ခင်ဗျားတို့အထင်အမြင်နဲ့ ကျုပ်ကို ဘယ်လိုလူဆိုတာခနခန မပြောနဲ့ ခင်ဗျားတို့မသိတဲ့နောက်ကွယ်ကဟာတွေရှိတာ ပြန်ရှာတွေ့ပီးမှ လာပြော
(၁၉) အယုံကြည်ဆုံးလူသား- အမေ ၊ နောက် တော်တော်များများကို ယုံတယ်၊ သူတို့မကောင်းတာကတော့ သူတို့အလုပ်ပေါ့ .. ယုံကြည်တာကတော့ ကျနော့်အပိုင်းပဲ
(၂၀) မယုံကြည်ဆုံးအရာ - မယုံရတဲ့လူ :P
(၂၁) အမုန်းဆုံးအရာ- သစ္စာဖောက်တာ
(၂၂) အသောက်ဖြစ်ဆုံးအအေး- မရှိ ( သောက်ဖြစ်ရင် သံပုရာရည်သောက်တယ် )
(၂၃) လတ်တလော အထိတွေ့ဆုံးအရာ- ကွန်ပြူတာ (၂၄နာရီမှာ ၁၁နာရီလောက်မလွတ်တမ်းကိုင်တယ်)
(၂၄) မကောင်းတဲ့ကျန်းမာရေး- သွားပိုးစားနေတယ်၊ ပါးမှာ နေလောင်နေတယ်
(၂၅) အကောင်းဆုံးအဖော်- အဆင်ပြေတဲ့အဖော်ပဲရှိတယ်၊ အကောင်းဆုံးဆိုတာတော့ မသိဘူး
(၂၆)လက်ရှိအကြိုက်ဆုံးသီချင်း- ဒုက္ခမြစ်များ(ထူးအိမ်သင်)
(၂၇) အကြောက်ဆုံးအလုပ်- မရှိ
(၂၈) တန်ဖိုးအထားဆုံးအရာ - မိသားစု ( ဝေးနေပေမယ့် စိတ်ထဲမှာရှိတယ် )
(၂၉) အကြောက်ဆုံးတိရိစ္ဆာန်- ပိုးဟပ်( ရွံတာ မကြောက်ဘူး )
(၃၀) တွေ့ဖြစ်နေတဲ့ ဘလော့ဂ်ဂါတွေ - တေလေ ( ဂိမ်းတူတူဆော့တာကိုး )
(၃၁) အပြင်သွားတိုင်းပါတဲ့ပစ္စည်း - ခဲတံ၊ ဘောလ်ပင်န်၊ စာရွက်လွတ်၊ မန်မိုရီစတစ်
(၃၂) သွားဖြစ်နေတဲ့နေရာတွေ- အိမ်ပေါ်ကနေတောင်မဆင်းဘူးဗျ
(၃၃)စိတ်အညစ်ဆုံးအချိန်- ဟီးဟီး ကျနော့်မှာ ရှားရှားပါးပါးပဲ
(၃၄) အနေချင်ဆုံးနေရာ- အိမ်ပဲ ၊ ကိုယ့်အိမ်ကလွဲ ဘာနေရာမှ မနွေးဘူးလိုပဲ။ ကိုယ့်အခန်းကိုယ်ပြန်ရတာ စိတ်ချမ်းသာတယ်
(၃၅) ကြားမိလိုက်တဲ့ဟာသ- မရှိ
(၃၆) ပေးချင်တဲ့သတင်းတစ်ခု- ပိုက်ဆံစုထားတာ နည်းနည်းများလာပြီဗျ ဟိဟိ
(၃၇) အပျော်ဆုံးဖြစ်မယ့်အချိန်- အမေ့ဆီခနပြန်မယ့်အချိန် ။။။

Tuesday, February 22, 2011

၁၉ လမ်းည

          ညနေညခင်း အချိန်များကို အကြောင်းမဲ့ ဖြုန်းတီးပစ်ရန် စိတ်လိုလက်ရ ရှိလွန်း၍ သူငယ်ချင်းများဆီ ဖုန်းဆက် ချိန်းလိုက်မိသည်။ အားလုံးက လှိုက်လှိုက် လှဲလှဲ သဘောတူသည်နှင့် တရုတ်တန်း ၁၉ လမ်းတွင် ရီဝေေ၀လေ လွင့်ပစ်ဖို့ ကျနော် ထွက်လာခဲ့ပါသည်။ ရန်ကုန် ... မြို့တော်ရန်ကုန်၊ သည်မြို့တော်သည် လှည့်လည်နေသော ၀ဲဂယက်နှင့် တူသည်။ သည်မြို့တော်သည် ဘုရားပွဲမှ ၀င်္ကဘာနှင့် တူသည်။ ကျီးအုပ်တို့ ပြိုဆင်းလာသံတွေကို မသိချင် ယောင်ဆောင်ရင်း၊ မောပန်း နွမ်းနယ်စွာ အိမ်ပြန်နေကြသော မျက်နှာများကို ဥပေက္ခာပြုရင်း ကျနော် အငှားကား တစ်စင်းဖြင့် ထွက်လာခဲ့သည်။

           လမ်းဆုံ တစ်နေရာတွင် အငှားကားပေါ်မှ ပစ်ချသွားသဖြင့် ဒလှိမ့်ကောက်ကွေး လွင့်နေသော ငွေနှစ်ရာကို လိုက်ကောက်နေသော ယာဉ်ထိန်းရဲ ငယ်ငယ်လေးကိုလည်း ကျနော် အပြစ်မတင်ချင်တော့ပါ။ မြို့တော်၏ အလေ့အထ များစွာထဲမှ တစ်ခု ဖြစ်ချင်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မည်။ တရုတ်တန်းသည် မီးရောင် ပြိုးပြိုးပျက်ပျက်ဖြင့် ကျနော့်ကို ကြိုသည်။ ကမ္ဘာအရပ်ရပ်၇ှိ တရုတ်တန်းများသည် သည်ပုံစံပင် ဖြစ်သည်လား ကျနော် တွေးနေမိသည်။ လမ်းဘေးတွင် ဆိုင်တန်းများစွာ ...ဆီချက်ခေါက်ဆွဲ ဆိုင်လေးများက ခြေလှမ်း ဆယ်လှမ်း အကွာတိုင်း တစ်ဆိုင်နီးနီး ရှိနေသည်။ ကျနော် ဆီချက်ခေါက်ဆွဲ လာစားသည် မဟုတ်လေ။

           ကတ္တရာလမ်းပေါ်တွင် ဈေးသည်တို့ စွန့်ပစ်ထားခဲ့သည့် ဟင်းရွက် အလေအလွင့်များ၊ တားမြစ် ထားသည် ဆိုသော ပလတ်စတစ် အိတ်ခွံ၊ ထောက်မြင့်ဖိနပ်နှင့် ခြေထောက် ဖွေးဖွေး၊ လူတွေကြားထဲ တိုးကာ ဝှေ့ကာ သွားနေသော ခွေးတစ်ကောင် နှစ်ကောင် .. ထိုထိုသော အရာများကို ဖြတ်သန်းပြီး ကျနော် လမ်းထဲ ချိုးကွေ့ ၀င်လာလိုက်သည်။ ချထားသော ခုံဝိုင်းများတွင် သူငယ်ချင်းများကို ရှာနေစဉ်မှာပင် စားပွဲထိုး ကောင်လေးများက သူတို့ဆိုင်တွင် ထိုင်ရန် ဆွယ်ကြသော အသံများက နားထဲ ၀င်လာသည်။ သူငယ်ချင်းများ ကြိုရောက်နေကြပီ။

           ကျနော်တို့သည် ကုန်ပစ္စည်းများကိုသာ စားသုံးသူများ သက်သက် မဟုတ်ဘဲ အမှတ်သင်္ကေတများ၊ ကြော်ငြာများကိုလည်း စားသုံးသူများ ဖြစ်ကြောင်း သိနိုင်သည်ကား ဘီယာ ကုမ္ပဏီများမှ စားပွဲထိုးမယ်လေး များကို ငေးမော ကြည့်ရှုခြင်းက သက်သေခံပင် ဖြစ်သည်။ တံဆိပ် အမျိုးမျိုးနှင့် မီနီစကပ်နှင့် ကောင်မလေးများက တစ်ဝိုင်းဝင် တစ်ဝိုင်း ထွက်ကာ မိမိတို့ ကုမ္ပဏီထုတ် ဘီယာကို သောက်သုံးကြရန် ပြောဆိုနေကြသည်။

             ခိုင်ထူးသီချင်းကို ဟော်လိုဂစ်တာလေး တစ်လက်ဖြင့် ၀ိုင်းတကာ လှည့်ကာ ဖျော်ဖြေရင်း အသက်မွေး ၀မ်းကျောင်းနေသော အကိုကြီး တစ်ယောက်လည်း ရှိသေးသည်။ ဖိုးသာထူး၊ တေးမြုံငှက်နှင့် ရွှေလည်တိုင် တို့ကို တောင်းဆို နားဆင်ရင်း ကျနော့် ခေါင်းထဲ တအုန်းအုန်း ထုနှက်နေသည်က အနုပညာ၊ အနုပညာ၊ အနုပညာ ... ။ ဖန်သားထက်မှ ငွေ့ရည် ဖွဲ့နေသော ရေငွေ့ မှုန်မှုန်များကို လက်နှင့် တို့သပ် ဆော့ကစား နေရင်းပင် ဂစ်တာသံ ဆုံးသွားသည်။ ညကိုးနာရီ ထိုးပြီ ဖြစ်၍ ပြန်ရတော့မည့် ဂစ်တာသမားကြီးကို နှုတ်ဆက်လိုက်ပါသည်။ တေးမြုံငှက်ရေ .. ပျံလမ်းလည်း သာပါစေ၊ ပြန်လမ်းလည်း သာပါစေ။

              မူးယစ်ခြင်းက လွတ်လက်စ ရှိနေသော စိတ်ကို ထပ်မဖမ်းထား ချင်ကြတော့။ ၁၉ လမ်းကို နှုတ်ဆက်ကာ သီချင်းဆိုရန် နောက်တစ်နေရာ... ။ သန်းခေါင်ထက်တော့ ညည့်မှ မနက်ကြဘဲလေ။ ကုက္ကိုလ်ပင် အုပ်ဆိုင်းဆိုင်းများ ငုံ့ကိုင်း ကြည့်နေသည့် ကြားမှ ကျနော်တို့ ၀င်ရောက်လာရာ လမ်းတစ်လျှောက် မီးပွင့်နီနီလေးများက မှေးတစ်လှည့် လင်းတစ်လှည့်နှင့် ဒါသည်ပဲ ခရီးဦးကြို ပြုသည်လား။ ဒီနေရာတွင် ကီးဝင် မ၀င် မလိုပါ၊ တိုင်မင်ကိုက်ရန်လည်း မလို ... ရှေ့က ရုပ်မြင်ဖန်သားပြင်ပေါ်မှ စာသားအတိုင်း မှန်နေစရာလည်း မလိုဘဲ န၈ါးနီဖြင့် ကြွေးကြော်၍ ရသည်။ ရင်ဂို၏ ဒဏ်ရာရထားဖြင့် ခရီးသွားရင်း ထူးအိမ်သင်၏ အမေ့အိမ် သို့လည်း ပြန်လို့ရသည်။ အဆုံးသတ်တွင် ကျနော်တို့ အားလုံးသည် စိုင်းထီးဆိုင်၏ သဘာဝရဲ့ ရင်သွေးငယ်လေးများပင် မဟုတ်လား။

              စားပွဲပေါ်မှ ဖန်ခွက်များကို ဖြည့်ဖို့ တာဝန်ယူထားသူ ကလေးသည် ကျနော့်လက်ထဲမှာ စီးကရက် ပြာတောင့်လေး ရှည်လာတိုင်း ပြာခွက်လေး အလိုက်သင့် ခံပေးသည့် တာဝန်လည်း ယူသည်။ တံခါးဝတွင် ဧည့်ကြို ကောင်မလေးများ ဦးညွတ်တိုင်း ရှက်ရွံ့ အားနာတတ်သူသည် မြို့တော်သား ပီသစွာ ထိုးပေးလာသော ပြာခွက်ထဲ ပြာခြွေတတ် လာကြောင်း၊ ကမ်းလာသော ခွက်ကို အလိုက်သင့် ယူတတ်လာ ကြောင်း တွေးမိတော့ ကိုယ့်ကိုယ်ကို ဥပေက္ခာ ပြုထားဖို့လည်း လိုသေးကြောင်း သတိရသည်။

               မှတ်ဥာဏ်များသည် တွယ်ရာမဲ့ မျောလွင့်ကာ ယိုင်ထိုး နေကြသည်။ စကားလုံးများကား အဝေးသို့ ထွက်မသွားဘဲ ကိုယ့်အနားမှာသာ ၀ဲလှည့်နေ သလိုလို။ ကုက္ကိုလ်ရွက်ခြောက်များပေါ် ဖြတ်နင်းရင်း အိမ်အပြန်လမ်းတွင် မပီဝိုးတ၀ါး သီချင်းသံ တပိုင်းတစ်စကသာ အဖော် ... ... ...။ ။

မော်ကျွန်းသို့

            သင်္ဘောဆိပ်ကို ခြေချမိလျင်ပင် ရန်ကုန်သည် ရန်ကုန် မဟုတ်တော့သလို ချက်ချင်းပင် ပြောင်းလဲ သွားသည်။ မြို့တွင်း လမ်းမများမှလို ကားကောင်း ကားသန့်မရှိ၊ စကပ်တိုတို မရှိ၊ ကြော်ငြာ ဆိုင်းဘုတ်များ မရှိ၊ အဆင့်မြင့် ကော်ဖီဆိုင် မရှိ။ ဆိပ်ခံ တံတားပေါ်တွင် မြေပဲပြုတ်သည်၊ ပြောင်းဖူးသည်၊  ကုလား ဘယာ ကြော်သည်၊ ကုန်တင် ကုန်ချ အလုပ်သမားများ၊ ဈေးတောင်းများ ခါးထစ်ခွင်ကာ သယ်ရင်း အိမ်ပြန်တော့မည့် သူများ၊ ဆေးလိပ် ကွမ်းယာ ... ဆေးလိပ် ကွမ်းယာသံသည် သင်္ဘော စက်သံကြားမှ တချက် တချက် ပေါ်ပေါ် လာတတ်သေးသည်။ သင်္ဘော စားသောက်ခန်းမှ မြစ်ပြင်ဘက်သို့ မျှော်ကြည့် လိုက်လျင် ဇင်ယော် ငှက်လေးများက မြစ်ရေပြင်တွင် လှိုင်းစီးသူ စီး၊ ၀ဲကာ ပျံသူပျံနှင့် ရှိနေကြသည်။ သမ္ဗာန်လေးများ ခတ်ကာ မြစ်ကို ဖြတ်လာလျင် သူတို့က အုပ်စုလိုက် ဘေးပတ်လည်မှ ၀ဲကာ ပျံကာ လိုက်လာသည်ကို မြင်ရသည်။ သင်္ဘော တစ်စင်း၏ ကိုယ်သင်းနံ့သည် မည်သည့်နေရာပင် ရောက်ရောက် အတူတူပင် ဖြစ်သည်။

             ဆိပ်ခံက သင်္ဘော ခွာတော့ နေလုံးသည် အနောက်စွန်းကို ဆင်းလေပြီ။ မြစ်ရေ နောက်နောက်ကို ခွဲကာ အမြုပ်ထစေလျက် နောက်ဖျားတွင် ဂယက်တန်း ချန်ကာ ခွာခဲ့တော့ ရန်ကုန်သည် ညထဲ ဟန်ရေးပြရင်း အလှဆင်နေပြီ။ တူးမြောင်း နံဘေးတွင် လတာပြင်များ..။  လတာပြင်ပေါ်တွင် ဖျားနာနေသော သင်္ဘော တစင်းတလေ တင်နေသည်ကို မြင်ရလျင် အထီးကျန် ဆန်လာသည်။ သင်္ဘော တစ်စင်းအတွက် အလုံခြုံ အနွေးအထွေးဆုံး နေရာမှာ ဆိပ်ကမ်းသာ ဖြစ်သည် ဆိုသော်လည်း ထိုကဲ့သို့ သောင်ပေါ် ပိုးလိုးပက်လက် လန်မနေချင်ပါ။

              သင်္ဘော ခေါင်မိုးပေါ် တက်ကာ ခေါင်းတိုင် ဘေးနား ထိုင်ရင်း အနောက်ဆီ မျှော်တော့ ကောင်းကင် သည် အရောင်စုံနေပြီ။ လိမ္မော်မှ အနီသွေးထိ ဆင်းသွားကာ ထိုမှတဖန် မရမ်းပြာ အပြာ စသည်ဖြင့် ရောင်စုံ ရောယှက်လျက်။ ဇင်ယော်တို့သည် အသုတ်လိုက် အသုတ်လိုက် ခေါင်းပေါ်မှ ဖြတ်ပျံ သွားကြသည်။ တံငါ လှေလေးများက ဟိုနား တစ်စင်း၊ ဒီနား တစ်စင်း။ တံငါလှေလေး တစ်စင်းတွင် ယောက်ျားဖြစ်သူက ပိုက်ချရန် ပြင်နေစဉ် မိန်းမ ဖြစ်သူက လှေခွက်ထဲမှ ရေများကို ပက်ထုတ် နေသည်ကို မြင်ရသည်။ လှေလေးပေါ် တွင်ကား မီးအိမ်လေး တစ်လုံးသာ ထွန်းထားသည်။ ညနေရီရီ မှောင်စပျိုးမှ အလုပ်ခွင် စရသည်လား။ ကမ်းပါးပေါ်မှ စေတီတော်ကား ထီးတော်တွင် ရှိသည့် တစ်ပွင့်တည်းသော မီးသီးလေးကို ထွန်းလင်းလျက်။ ဘုရားရှင်သည် ထိုအသက်မွေးမှုကို ပြုနေသော တံငါ လင်မယားအား ထောက်ထား ညှာတာပါလိမ့်မည်။ မြစ်ကို ခွကာ တည်ဆောက် ထားသော တံတားသည် အမှောင်ထဲတွင် တိတ်တဆိတ်သာ လဲလျောင်း နေသည်။ တံတားကို မော့ကြည့်တော့ ကောင်းကင်တွင် ဖြတ်သွားသော လေယာဉ် တစ်စင်းမှ မီးတလက်လက်ကို တွေ့ရသည်။ ထွက်ခွာသည်လား ၊ ဆိုက်ရောက်သည်လား။

                 တူးမြောင်းထဲတွင် စုန်နေ ဆန်နေသော သင်္ဘောများမှာ အုပ်စုလိုက် သွားလာ နေကြသည်နှင့် တူသည်။ စက်လှေ တချို့မှ မီးထွန်းထားပုံမှာ အိပ်မက်ဆန်နေသည်။ စက်လှေ ကိုယ်ထည် အမှောင်ရိပ်တွင် ထွန်းထားသော မီးရောင်စုံမှ အလင်းစက်များက နီသည့်နေရာ နီ၊ ၀ါသည့်နေရာ ၀ါ၊ အပြာသန်းသည့် နေရာ သန်းနှင့် ...  အမှောင်ထုထဲ စက်သံပေးကာ သူလည်း တရွေ့ရွေ့၊  ကိုယ်ကလည်း တရွေ့ရွေ့။  ကြားခံ ဆိပ်ကမ်းလေးများကို ဆိုက်ရောက်သည့် အခါ ငုံးဥပြုတ်၊ ကြက်ဥပြုတ် ဆိုသည့် အသံ၊ အိမ်ပြန် လက်ဆောင် ငါးမုန့်ခြောက် ဆိုသည့် အသံလေးများ ပြန်ကြားရပြန်သည်။ စားစရာ မုန့်ထုပ်လေးများ သီထားသည့် သံကြိုးကွင်းကို လက်တစ်ဖက်က ကိုင်ကာ သင်္ဘောပေါ် တွယ်တက်ပုံကို ကြည့်ရင်း ရင်မော ရပြန်သည်။

              သင်္ဘော ထဲတွင်ကား အိပ်သူ အိပ်၊ ခွေကြည့်နေသူ ကြည့်၊ ဖဲရိုက်နေသည့်သူက ရိုက်နှင့်။ ကလေးများကား မအိပ်နိုင်သေး မြစ်လေအေးအေးကို အံတုရန် ထွေးထားပေးသည့် စောင်ထဲမှ ထထခုန် နေသည်ကို ကြည့်ကာ ရီနေသော မိဘများ... ထိုမြင်ကွင်းကို မြင်လျင် ကလေးဘ၀ ခရီးသွားခဲ့သည်ကို ပြန်ပြန် အမှတ်ရလာသည်။ စားသောက်ခုံတွင် ဘီယာ သောက်သူ၊ ကော်ဖီ သောက်သူများလည်း ရှိသေးသည်။ စားသောက်ဆိုင်မှ ကလေးမလေးများအတွက် ဒီသင်္ဘော ခရီးစဉ်ကို အစုန်အဆန် ငြီးငွေ့နေအောင် စီးကြ ရရှာပေလိမ့်မည်။

                   ကြားခံ ဆိပ်ကမ်း သုံးခု ကပ်ပြီးသည့် အခါ လမ်းဆုံး ဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ပြီ။ မြို့လေးသည် အေးအေးချမ်းချမ်းနှင့် တိတ်တိတ်ဆိတ်ဆိတ်သာ ကြိုဆိုနေလေသည်။ ဆိပ်ခံတံတားလေးမှ ကမ်းပေါ်သို့ ရောက်လျင် ဆိုက်ကား ငှားမလား၊ ဆိုင်ကယ်ကယ်ရီ ရှိတယ် အကို ဆိုသည့် အသံများ တိုးတိုးတိတ်တိတ် ကြားရသည်။ ခရီးသည်များကို အလုအယက် ဆွဲခေါ်သည့်ဟန် မပေါ်ပါ။ ပဲ့ထောင် လိုက်မလား ပဲ့ထောင် လိုက်မလားဟု ခေါ်သံ ကြားသောအခါ ဤမြို့မှ ထပ်ဆင့်ကာ ရွာများဆီသို့ ဆက်လက် ခရီးသွားမည့်သူများ ရှိပါသေးလားဟု သိလိုက်ရသည်။

                   တည်းခိုမည့် အိမ်သားများကို အာရုဏ် မလင်းမှီ နိုးရမည် အားနာသဖြင့် ကမ်းနားက လက်ဖက်ရည်ဆိုင် မှောင်မှောင်လေး ထဲသို့ ၀င်လာခဲ့သည်။ မီးချောင်းလေး တစ်ချောင်းသာ ထွန်းထားသော လက်ဖက်ရည်ဆိုင်လေးတွင် လူများက တီးတိုးစကား ဆိုလျက်.. ဆိုင်ရှေ့ မြစ်ပြင်တွင်ကား တစ်ညလုံး စက်သံ တညံညံဖြင့် ခုတ်မောင်းလာကြသော သင်္ဘောများက လှိုင်းများ၏ အပွေ့အဖက် အချော့အမြူတွင် ယိမ်းထိုးရင်း ငိုက်မြည်း နေကြလေသည်။ မြို့လေးကား အလင်းစက်တို့ လာမပုတ်နိုးမီ စပ်ကြား လူးရင်း လွန့်ရင်း အိပ်မောကြနေဆဲ ... ... ... ... ...။ ။

ဤခရီး နီးသလား

           ၀ရံတာ လက်ရန်းကို ဗိုက်လေးနှင့် ထောက်ကာ အောက်ကို ငုံ့ကြည့်တော့ လမ်းလေးသည် သေးသေးလေး ဖြစ်နေသည်။ မျက်စိရှေ့ တစ်ခုခုများ ဖြတ်သွားသလား..။ သူ လိုက်ရှာကြည့်တော့ ကုက္ကိုလ်ပန်း နီနီလေးက လေထဲ ဝေ့၀ိုက် လွင့်ဝဲလျက်။ လေက ပင့်တင်လိုက်လျင် အပေါ်ဘက်သို့ တက်လာပြီး လေငြိမ်သွားလျင် ညင်ညင်သာသာ ပြန်ဆင်းသွား သူ တီဗီထဲတွင် ကြည့်ဖူးသော ဘဲလေးအက ကသူများနှင့်ပင် တူသေးတော့။ နေ့လည်နေ့ခင်း ငြိမ်ဆိတ်နေချိန်တွင် ဘယ်လို အသံစာစာလေးက ပေါ်နေပါလိမ့်။ သူအနားမှပင် ဖြစ်သည်။ တဖက်ခန်း ၀ရံတာနားဆီမှ ကလေးတစ်ယောက် စာအံနေသံ။"  ဤခရီး နီးသလား ... ငါးနာရီ လာရ၏ .. ဤခရီး နီးသလား ... ငါးနာရီ .. လာရ၏။ "
     
            သူ ငယ်ငယ်တုန်းက ဒီလိုပဲ စာကို အော်ကာ သံရှည်ဆွဲကာ ကျက်ခဲ့ပါလိမ့်မည်။ သူငယ်ငယ်က စာကျက် ပျင်းသည်တဲ့။ မှတ်ဥာဏ်လည်း သိပ်ကောင်းပုံ မပေါ်ပါ အမေက အမှတ်သညာ နည်းလွန်းတဲ့ ကောင်မဟု ခဏခဏ ငြူဆူ အော်ဟစ် ကြိမ်းမောင်းခြင်းကိုလည်း ခံခဲ့ရသည်။ ကျောင်းတက်သော နှစ်ကာလ များကို သူမမှတ်မိတော့ပါ။ သူ မှတ်မိနေသည်က ရပ်ကွက်တွင်း အိမ်ကြား လမ်းကျဉ်းကျဉ်းလေးတွင် သူငယ်ချင်းများနှင့် ကျောင်းသွား၊ ကျောင်းပြန်ရသည်သာ။ အိမ်လေးတွေဘေး ဖြတ်သွားလျင် ထိုအိမ်လေးများထဲမှ အချင်းအရာများကို ရှင်းရှင်းလင်းလင်း မြင်ရသည်။ ကလေးများနှင့် ခွေးများက လမ်းပေါ်တွင် ပြေးဆော့လျက်၊ ငိုယိုလျက်။ လမ်းဘေးတွင်ပဲ ပလတ်စတစ် ဇလုံကြီးများ ချကာ အ၀တ်လျော်နေသော သူက လျော်လျက်။ သူတို့လမ်းထဲမှ အများစုသည် လက်လုပ်လက်စားများနှင့် ၀န်ထမ်းများသာ ဖြစ်သည်။

              ထိုလမ်းလေးပေါ်မှ ဖြတ်ကာ နေ့စဉ်နေ့တိုင်း ဆော့ရင်း ကစားရင်း ကျောင်းသို့ သွားခဲ့သည်သာ အမှတ်ရတော့သည်။ ကွန်ကရစ် အကျိုးအကွဲများနှင့် မညီညာသော လူလျောက်လမ်းလေးပေါ် ခုန်ဆွ ခုန်ဆွနှင့် ဆော့ကစားခဲ့သည်။ ထိုစဉ်က အုတ်ကွဲ အုတ်ပဲကြားတွင် ကုတ်ကပ်သပ်ခါ ပေါက်နေသော မြက်ပင်လေးများ၊ ထိကရုန်းပင်လေးများ အကြောင်း မတွေးမိခဲ့ပါ။ ဒီနေရာ သေးသေးလေး လူတွေ နင်းလိုက် ဖြတ်လိုက်ခံနေရသည့် ကြားမှ ဘာလို့များ ဖက်တွယ် ရှင်သန်နေပါလိမ့်။ ခုမှ သူ တွေးမိခြင်း ဖြစ်သည်။ ရှင်သန်ချင် စိတ်ပဲ ကြီးမားလို့လား၊ သဘာဝကကို ဒီလို ပတ်ဝန်းကျင်မှာ ရှင်သန်နိုင်အောင် ပြုပြင် ပေးထားသည်လား မသိ။ အပင်လေးတွေက ဒီလိုဆို သူကကော ... ... ... ... ။

             ကုက္ကိုလ် ပန်းပွင့်လေးက အမွေးဖွားဖွား နီနီလေးနှင့် လေထဲ မြင့်လိုက်၊ တက်လိုက် .. မြင့်လိုက်၊ တက်လိုက်။ ကျောင်း တပိုင်းတစနှင့် ထွက်ခဲ့ရသော သူ့မှာ လုပ်စရာ အလုပ်လည်း ကောင်းကောင်းမွန်မွန် မရှိပါ။ ယခုတော့ သူမမှာ အလုပ်ရှိပြီဟု ဆိုလျင်လည်း ရပါသည်။
            
            တိုက်ခန်းထဲ ပြန်ဝင်လာပြီး တီဗီရှေ့ ၀ိုင်းထိုင်ကာ နေကြာစေ့ ကိုက်ရင်း ကိုးရီးယား ဇာတ်ကားကို နစ်မြောနေသော အခန်းဖော်များကြား ၀င်ထိုင်လိုက်သည်။   တယောက်က အ၀တ်အစားများကို မီးပူထိုးနေသည်။ အခန်းပိုင်ရှင် မမသည် သူမတို့ အလုပ်ရှင်လည်း ဖြစ်သည်။ ဒရင်းဘက်ပေါ် လှဲနေသော မမက " ကောင်မလေးတွေ ရေမချိုး မပြင်ဆင်ကြ သေးဘူးလား၊ ခနနေ ဧည့်သည်တွေ ခေါ်တဲ့ခါ မပြီးမစီး ဖြစ်မယ်နော်" ဟု လှမ်းသတိပေးသည်။ ဤတိုက်ခန်းလေးသည် မမ ပိုင်သည့် တိုက်ခန်းလေး ဖြစ်သည်။ သူ အပါအ၀င် မိန်းကလေး ဆယ်ယောက် ရှိသည်။ ဧည့်သည် ခေါ်သည့်အချိန်နှင့် မမ နှင့်အတူ အပြင် ထွက်လည်ခွင့်ရချိန်မှ လွဲလျင် တိုက်ခန်း အပြင်ထွက်ခွင့် မရှိပါ။ ကိုးရီးယားကားကို တပိုင်းတစနှင့် ပိတ်လိုက်ရသည့် အတွက် နှုတ်ခမ်း စူသူစူ၊ မျက်နှာ မဲ့သူမဲ့နှင့် သို့သော်လည်း မမ ပြောသည်မှာ မှန်သည်မို့ ရေချိုးရန် ပြင်ကြရလေသည်။
        
             ရေချိုးခန်း စောင့်ရမည်ဖြစ်၍ တချို့က အိပ်ရာလေးပေါ်တွင် ခန လှဲသူလှဲ၊ တချို့က အ၀တ်အစား ရွေးသူ ရွေးကြသည်။ သူကတော့ ပြင်ဆင်နေသူ များကိုသာ ခပ်ငေးငေး ကြည့်နေမိတော့သည်။ ဘယ်လောက် ပြင်ဆင်သည် ဖြစ်စေ သိပ်တော့လည်း အရေးမကြီးပါဘူး မဟုတ်လား။ ခြေရင်းနားက အ၀တ် ကြိုးတန်းလေးက အတွင်းခံ အ၀တ်များ၊ အိမ်နေရင်း ၀တ်သည့် အ၀တ်ဟောင်းများ၏ ၀န်ဖြင့် အိကြနေသည်။ အိပ်ယာပေါ် ထိုင်ရင်း ခြေသည်းဆိုးနေသော ကောင်မလေးက သူ မမဆီမှ ယူထားသော ပိုက်ဆံစာရင်းကို အခြား တစ်ယောက်အား ပြောပြနေသည်။ "အဒေါ် မနက်က လာသွားတယ် ကလေးက နေမကောင်းဘူးတဲ့ ... ပြီးခဲ့တဲ့ လက ငါ့မှာ ဧည့်သည် အ၀င်နည်းတော့ မမဆီက ယူရတာပေါ့ဟ အကြွေးတင်ပြန်ပြီ"  ဆိုသည့် ညည်းသံ .. ရေချိုးခန်းမှ ရေကျသံ တဗွမ်းဗွမ်းကို အဆက်မပြတ် ကြားနေရသည်။

             မျက်စိလည် လမ်းမှားကာ ရောက်လာပုံ ရသည့် လိပ်ပြာလေး တစ်ကောင်က နားခိုရာ ရှာတွေ့ပုံ ပေါ်ဟန် မတူပါ။ အခန်းထဲ လူးလား ခေါက်တုံ့ ပျံဝဲနေသည်ကို သူအမှတ်တမဲ့ပင် ငေးမောမိလျက် ရှိလေ သည်။ အပြင်ဘက် အခန်းမှ မမကြီး ဖုန်းဖြေနေသံ သဲ့သဲ့က တချက် တချက် သူ့အတွေးကို ပုတ်ပုတ် နိုးလိုက် သလိုလို။ သူသာ မဟုတ် ခြေသည်း ဆိုးနေသည့် ကောင်မလေး ကလည်း နားစွင့်နေဟန် ရှိသည်။ " အင်း .. ဟိုတယ် အခန်းနံပါတ် ဘယ်လောက်၊ ဟုတ် .. ထည့်ပေးလိုက်ပါ့မယ် .. အကိုတို့ လူရွေးပြီးရင် ကျန်တဲ့ လူတွေကို တက်စီဖိုးပေးပြီး ပြန်လွတ်လိုက်ပါ၊ ဟုတ် .. စိတ်ချပါ၊  အကျင့်လည်း ကောင်းပါတယ် ... " မမကြီး ဖုန်းပြောသံ အဆုံးတွင် ခြေသည်းဆိုးနေသော ကောင်မလေးက သက်ပြင်းချရင်း "ဧည့်သည် သဘော ကောင်းပါစေ၊ ဒို့တွေ အကျင့်ကောင်းတယ် မေးသလို သူတို့လည်း အကျင့်ကောင်းပါစေ" ဟု ဆုတောင်း သလိုလို ရေရွတ်သည်။

           တကယ်တော့ ကားခ ဆိုသည်မှာ အလုပ် မလုပ်ဖြစ်သော ကောင်မလေးများ အတွက် မုန့်ဖိုးရရန် မမကြီးက တမင် ပြောပေးခြင်း ဖြစ်သည်။ သူတို့ကို ဟိုတယ်သို့ မမကြီး၏ မောင်ဖြစ်သူ ကိုယ်တိုင် ကားမောင်း ကာ လိုက်ပို့ခြင်း ဖြစ်သလို မကြိုက်၍ ပြန်လွတ်သော သူများသည်လည်း ထိုကားဖြင့်ပင် ပြန်ခေါ်လာခြင်း ဖြစ်သည်။ မမကြီး၏ မောင်က မနက်ပိုင်း ကျောင်းကား ဖယ်ရီဆွဲကာ ညပိုင်းတွင် သူတို့တွေကို လိုက်ပို့ပေးလေ့ ရှိသည်။        
   
             အ၀တ်အစားများကို ကားပေါ်တွင်ပင် လဲလှယ် ၀တ်ဆင်ရမည် ဖြစ်သည်။ အိမ်ပေါ်မှ ဆင်းလျင် စကားသံ မထွက်ရ၊ ထမီဖြင့် မိန်းမကောင်း ပီပီသသ ဆင်းရန်၊ ခြေသံ မထွက်ရန် မမကြီး မှာကြား ထားသည်ကို သတိရသည်။ ဘေးအခန်း နီးခြင်းများ အရပ်ထဲမှ သူများ ငြိုငြင်မှုကို မခံရမှ သူမတို့ နေရာ ခနခန ရွေ့ပြောင်းရခြင်း ဒဏ်မှ ကင်းဝေးမည် မဟုတ်လား။ ရံဖန်ရံခါ ပျင်းလွန်း၍ ၀ရံတာရှေ့  ထွက်ရပ်မိလျင် ရပ်ကွက်ထဲမှ ကောင်လေး တချို့၏ လှမ်းကြည့်မှုကို ခံရသည်။ ထိုကြည်နူးစရာသည် ကာလ ကြာရှည်ခံသည် တော့လည်း မဟုတ်ပါ။ တယောက်ယောက်က ဖျက်ဆီးလိုက်သောကြောင့်၊ သို့မဟုတ် မိမိ ကိုယ်တိုင်ကပင် ဖျက်ဆီး လိုက်သောကြောင့် ခန တွင်းချင်း ပျက်ပြယ်သွားလေ့ ရှိသည်။  
         
             ကားပေါ် စုတက်ကြပြီး နောက်ခန်းမှ သူမတို့ တိုက်ခန်းလေးဆီ ဘာရယ်မဟုတ် ပြန်ငေးကြည့်တော့ တဖက်ခန်းမှ ကလေးလေး စာအံသံက လွင့်ပျံလာပြန်သည်။ " `ဤခရီးနီးသလား .. ငါးနာရီ လာရ၏ ..ဤခရီးနီးသလား .. ငါးနာရီ လာရ၏" ဤခရီးနီးမနီး လျောက်ကြည့်သူသာ အသိဆုံးရယ်ပါ။ ကားလေး အရှိန်မြင့်ကာ မောင်းထွက်လိုက်တော့ ကတ္တရာ လမ်းမထက် ကြွေကျ နေသော ကုက္ကိုလ်ပန်း နီနီလေးများက လေအရှိန်ဖြင့် အပေါ်သို့ လွင့်ပျံတက်သည်။ သို့သော် သူတို့ ဒီတခါတော့ အမြင့်ကြီး မရောက်တော့ပါ ... ... ...။

Wednesday, December 22, 2010

ဖြစ်ချင်ခဲ့သမျှ ဘဝ

လိမ္မော်ရောင်ထမင်းချိုင့်လေး ... ဟုတ်သည်။ အတိတ်ကိုပြန်သွားလျင် ပထမဆုံးစရမည့်နေရာမှာ လိမ္မော်ရောင်ထမင်းချိုင့်လေးဖြစ်သည်။ ထိုထမင်းချိုင့်လေးကိုသာ စိတ်ထဲစွဲစွဲမြဲမြဲရှိပါတော့သည်။
ထို့ပြင် အမိုးမြင့်မြင့်နှင့်ဘုရားရှိခိုးကျောင်း၊ မြက်ခင်းပြင်ကျယ်၊ လေတိုက်တိုင်း အသံတရှဲရှဲထွက်သည့် ယူကလစ်ပင်များ။ အဒေါ်အငယ်က ကျနော့်ကို ချီပိုး၍ကျောင်းလိုက်ပို့လေ့ရှိသည်။
ကျောင်းဝင်းထဲမ၀င်မီ တုတ်တံလေးနှင့်ချိုချဉ်ပြားလေး ၀ယ်ပေးတတ်သည်။ ကျနော်ငယ်ငယ်က တော်တော်ဆိုးသည်ဟု အဒေါ်ကပြောပါသည်။ အဒေါ်ကျောင်းဆရာမထံတွင် စာလာသင်သော တရုတ်မလေးသည်
ကျနော့်တစ်ဦးတည်းသော ကစားဖော်။ ကျနော့် ကစားစရာများကို သူမအားထုတ်ပြတတ်သောလည်း သူမကို ဘယ်တော့မှ မကစားစေပါ။ သူမက မကစားရလျင်ပြန်မည်ဆိုလျင် ကျနော်က အော်ဟစ်ငိုယိုတော့သည်။
ထိုအခါ သူမသည် ကျနော်ကစားသမျှကို ဘေးမှသာထိုင်ကြည့်နေရလေသည်ဟု အဒေါ်ကပြန်ပြောပြ၍ ကျနော်သိရပါသည်။ ကျနော်မုန့်ပူဆာလျင် အဒေါ်က လမ်းတဘက်ခြမ်းမုန့်ဆိုင်မှ မုန့်ဝယ်ပေးလေ့ရှိသည်။
ကျနော်သည် ပိုက်ဆံနှင့်ဝယ်စားရမှန်း နားမလည်ပါ။ အဒေါ်မရှိသည့်အခါများတွင် ထိုဆိုင်သို့ ခပ်တည်တည်သွားကာ လက်ဖြန့်လေ့ရှိသည်။ ဆိုင်ရှင်များကလည်း မုန့်တစ်ခုပေးကာ အိမ်ပြန်ပို့ပေးလေ့ရှိသည်။
အဒေါ်က လက်တွင်းမှမုန့်ကိုမြင်မှ ဆိုင်ရှင်များကို ပိုက်ဆံသွားပေးရလေ့ရှိကြောင်း ကျနော့်ကိုပြောပြပါသည်။
ကျောင်းမြက်ခင်းများသည် အစိမ်းရောင်လား၊ အ၀ါရောင်သမ်းနေလား ကျနော်မမှတ်မိပါ။ ရုပ်ရှင်ရုံနှင့် အိမ်နီးသောကြောင့် တစ်ပတ်တစ်ခါမျှ အဒေါ်ကရုပ်ရှင်လိုက်ပြပါသည်။
ထိုစဉ်က ကျနော်သည် ဒေးဗစ်ချန်းဖြစ်ချင်ခဲ့သည်တဲ့။ လက်တစ်ဖက်ပြတ်ဒါးသမား ဒေးဗစ်ချန်းကိုကြည့်ကာ အိမ်ပြန်လာလျင် တော်တော်ဖြင့်မအိပ်တော့။ အိပ်ယာထက်တွင် သိုင်းချပါတော့သည်တဲ့။
ထို့နောက်ပိုင်းကာလများကို ကျနော်မမှတ်မိတော့ပါ။
ကျနော် မေမေ့ထံသွားနေရပါသည်။ အမေက ကျနော့်ကိုလွတ်လျက် အလုပ်လုပ်လိုလျင် ပုံပါသော စာအုပ်တစ်အုပ် ရှေ့တွင်ဖွင့်ထားခဲ့ရုံသာဟု ပြောပါသည်။ ကျနော်သည် ကာတွန်းရုပ်ပြစာအုပ်လေးများနှင့်
ကြီးပြင်းလာပါသည်။ ရွှေသွေးစာစောင်များကို အပတ်တိုင်းဝယ်ကာ တွဲချုပ်ထားပေးသော စာအုပ်အထူကြီးကို အပြန်ပြန်အလှန်လှန်ကြည့်လေ့ရှိသည်ဟု ပြောပါသည်။ ကျနော်ထိုအချိန်က ဘာဖြစ်ချင်ခဲ့သည်ကို
အမေက မပြောပြခဲ့ပါ။ ကျနော့်ကို ရောင်စုံခဲတံများ ၀ယ်ပေးထားသောကြောင့် ကျနော်သည် ပုံများဆွဲတတ်လာပါသည်။ အဖေ့ပုံ၊ အမေ့ပုံ၊ ကားပုံ၊ ကြက်ကလေးများပုံစသည်ဖြင့် ကျနော်ဆွဲတတ်လာပါသည်။
ကျနော့် မိုးတိမ်များသည် စိမ်းပြီး၊ ကျနော့် လယ်ကွင်းများက ပြာမနေပါ။ ကျနော့်တောင်တန်းများသည် နီမနေပါ။
မူလတန်း ၊ အလယ်တန်းကျောင်းသားဘ၀တွင် ကျနော်သည် ဥာဏ်ကောင်းပြီး အပျင်းထူသောကောင်လေးတစ်ယောက်ဖြစ်လာပါသည်။ ကျောင်းသင်ခန်းစာအုပ်များနောက်တွင် ပုံဆွဲသောအလေ့အကျင့်ကြောင့်
ကျနော့်လက်ခုံကို မေမေခနခနရိုက်သည်ကို ခံရဖူးပါသည်။ ဘကြီးဖြစ်သူ၏ စာအုပ်စင်မှ စွယ်စုံကျမ်းများမှ ဂရိနတ်ဒဏ္ဍာရီပုံပြင်များကို ဖတ်ရင်း အခြားအကြောင်းအရာများကိုဖတ်မိရာမှ စာဖတ်ဝါသနာပါလာခဲ့သလား
ကျနော်မသိပါ။ အမဖြစ်သူ၏ ဒိုင်ယာရီစာအုပ်အဟောင်းမှ ကဗျာများကိုဖတ်မိရာမှ ကဗျာဆိုသည်ကို စသိသည်ကိုတော့ မှတ်မှတ်ရရရှိပါသည်။ အလယ်တန်းကျောင်းသားဘ၀ကုန်သည့်တိုင် ကျနော်သည်
ဂေါ်လီလှိမ့်ကောင်းတုန်း၊ စွန်လိုက်ကောင်းတုန်း ... ၀တ္ထုဖတ်ကောင်းတုန်းပင်ဖြစ်သည်။ အတန်းထဲတွင် ပုံများဆွဲပြီး ကိုယ်ဆွဲသောပုံများကို သဘောကျသူရှိလျင် ၀မ်းသာဂုဏ်ယူတတ်သူဖြစ်သည်ကလွဲလျင်
ကျနော် ဘာဖြစ်ချင်သည်ကို ကျနော်မတွေးမိပါ။
ကျနော် အထက်တန်းကျောင်းအရောက်တွင် ကျောင်းစာကို လုံးလုံးစိတ်မ၀င်စားဘဲ သူငယ်ချင်းများကို ရည်းစားစာရေးပေးတတ်သော၊ ဆေးလိပ်သောက်တတ်သော၊ သိပ္ပံသင်ခန်းစာပုံများကို ဆွဲကူပေးတတ်သော
ခပ်ပေပေကျောင်းသားတစ်ယောက်ဖြစ်လာပါသည်။ ကျနော့်သည် အမေ၊ အဖေ၊ အိမ်နှင့် တစိမ်းဆန်ဆန်သာဖြစ်သည်။ ကျနော့်အသိုင်းအ၀န်းမှာ ကျနော့်သူငယ်ချင်းများနှင့် လမ်းမ၊ လက်ဖက်ရည်ဆိုင်သာ ဖြစ်တော့သည်။
ကျနော်သည် ဆုံးမစကားများကို နာယူသည်ထက် ခံတန်တန်လုပ်တတ်သော ကျောင်းသားဆိုး၊ သားဆိုး၊ သားကပ်လေးသာဖြစ်လာပါသည်။ ကျနော်ထိုအချိန်က ဘာဖြစ်ချင်ခဲ့သည်လည်း ကျနော်မတွေးတတ်ပါ။
ကျနော် ဒဿမတန်းတွင် အချစ်ကို စတင်ခံစားမိသောအခါ ကဗျာသည်လှလာပါသည်။ ညည တိတ်တိတ်လေးထကာ စာရေးတတ်လာသည်။ လရောင်အောက်တွင် လွမ်းတတ်လာပါသည်။
ကျနော် ထိုအချိန်ကဖြစ်ချင်သောအရာရှိခဲ့သည်ဆိုပါက ကျနော် သူမကိုပိုင်ဆိုင်ရသောသူ ဖြစ်ချင်ခဲ့ပါသည်။
ကျနော် ဒဿမတန်းအောင်မြင်သောအခါတွင် ကျနော့်မြို့လေးတွင် မနေချင်သောသူဖြစ်လာပါသည်။ ပထမဆုံးခံစားချက်ကား အားလုံးနှင့်ဝေးရာကို ပြေးထွက်သွားဖို့ပင်ဖြစ်သည်။
ကျနော်သင်္ဘောသားဖြစ်ချင်ခဲ့ပါသည်။ ဂျက်လန်ဒန်၏ ၀ံပုလွေလာဆင်ကိုပင် အားကျခဲ့သည်လား မသိတတ်ပါ။ ကျနော် နော်မန်ဗက်သွန်းဖြစ်ချင်သည်၊ ချေဂွေဗားရားဖြစ်ချင်သည်။ အေဂျေခရိုနင်၏ အင်ဒရူးမေဆန်ဖြစ်ချင်သည်။
ကွိဖြစ်သည်။ မာသာထရီစာဖြစ်ချင်သည်။ အောင်ဝေးလို ဖြစ်လေရာဘ၀တိုင်း ကဗျာဆရာနှင့်ကျောင်းဆရာဖြစ်ချင်သည်။ ထူးအိမ်သင်ဖြစ်ချင်သည်။ ကျနော်သည် နောက်ထပ်သုံးနှစ်ကြာသည့်တိုင် သင်္ဘောသားဖြစ်မလာခဲ့ပါ။
ကျနော့်ကို ဘာဖြစ်ချင်တာလဲလို့မေးသည့်အခါ ကျောင်းစာမကျက်ရသော ဘာကိုမဆိုဖြစ်ချင်သည်ဟု ဖြေမိရာမှ ကျနော် ပန်းချီဆွဲနည်း နည်းနည်းသိသူဖြစ်လာခဲ့ပါသည်။
ယခု ကျနော့်ကို ဘာဖြစ်ချင်သေးလဲဟု မေးမည်ဆိုပါက ယခုလောလောဆယ် သိပ္ပံမောင်ဝ၏ မောင်လူမွှေးလေးသာဖြစ်ချင်နေသည်ဟု ကျနော်ဖြေပါမည်။

Saturday, December 18, 2010

အရှိ

ပခုံးစွန်းမှလည်တိုင်းရင်းတို့ သူ့ခေါင်းလေးထိုးဝင်လာသည်ကို အလိုက်သင့်ပင် ခံယူလိုက်ပါသည်။ ဆံပင်လေးတွေက အလုံးခပ်သေးသေး ချောချောမွေ့မွေ့ရှိမှန်း အထိအတွေ့က သိနေရသည်။ မိတ်ကပ်နံ့တထောင်းထောင်း ထမနေတာကို သူသတိပြုမိသည်။ လက်လေးတစ်ဖက်ကို ကိုယ့်ရင်ဘတ်ပေါ်တင်ထားပြီး ကိုယ့် အကြောင်းကို မေးတော့ ကိုယ်ဘာဖြေရမည်မသိ။ "ဘာအလုပ်လုပ်တာလဲ။" ဒီလိုကောင်မလေးကို ကိုယ့်ဘ၀အမှန်ကို ကိုယ်ဖွင့်ပြောလေ့ရှိကြသလား ကိုယ်မသိပါ။ "ကိုယ်လား ... ကိုယ် ဝေလေလေကောင်ပါ။" သူမသည် အလိုက်သိသော ကလေးမလေးဖြစ်မည်။ နောက်မေးခွန်းတစ်ခုက "သီချင်းဆိုတတ်သလား"တဲ့။ အင်း ... ဖြေရခက်တဲ့ မေးခွန်းမဟုတ်။ "ကိုယ်သီချင်းတွေကို ကြိုက်နှစ်သက်ပေမယ့် ကိုယ့်အသံက မကောင်းဘူး။" ဒီလိုဖြေလိုက်တော့ ဆိုပြပါလားတဲ့။ ဒီလိုကောင်မလေးကို ကိုယ်သီချင်းဆိုပြသင့်လား။ ဒါကိုလည်း ကိုယ်မသိပါ။ ကိုယ် မသိတာတွေ သိပ်များနေပြီလား။

သူမ ကြားရုံသာ သီချင်းကို ခပ်တိုးတိုးလေး ညည်းမိသည်။ "ဝေးသွားတဲ့အခါ .. နှလုံးသားမှာ အမြဲတမ်းသတိရနော် ...ကြင်နာခဲ့ဖူးတဲ့အချိန်ခနများ ... ...။ "သာသာယာယာတိတ်တိတ်ဆိတ်ဆိတ် နားထောင်ပြီးမှ မေးပြန်သည်။ ချစ်သူမရှိဘူးလား ဟင် တဲ့။ ရှိခဲ့ပါတယ်လို့ ကိုယ်ပြန်ဖြေလိုက်သည်။
မင်းမှာကောလို့ မေးမိတော့ သူမကလည်း ရှိခဲ့ပါသည်တဲ့။ သြ ... ... ...။ သူမမှာလည်း ချစ်သူရှိခဲ့သည်ပေါ့။ ဘာလို့ ပြတ်သွားတာလဲလို့ ကိုယ့်ကိုမေးတော့ ကိုယ်အသုံးမကျလို့ ကိုယ်ညံ့လို့လို့ ကိုယ်ပြန်ဖြေတဲ့အသံမှာ ဒေါသကိုမြင်တော့ သူမထပ်မမေးတော့။ ကိုယ်အားနာပြီး သူမပခုံးကို အသာအယာပဲ ပွတ်ပေးနေလိုက်တော့သည်။ သူမ စိတ်ကြပ်တည်းနေမှာစိုး၍ ဘာသီချင်းရလည်း မေးတော့ အသံက ၀မ်းသာအားရဖြင့် အို ... အများကြီးရတယ်တဲ့ .. သူမဖြေပြန်သည်။
ထို့နောက် ကိုယ်မခိုင်းရဘဲ သီချင်းတစ်ပုဒ်ပြီး တစ်ပုဒ်ဆိုပြပါတော့သည်။ အသံက ခပ်တိုးတိုး။ သီချင်းတွေက အနှစ်သာရလည်းမရှိဘူးဟု သူထင်ပါသည်။ ထိုအကြောင်းကိုတော့ သူမကို မပြောပါ။ မင်းစာအုပ်တွေကောဖတ်သလား။ ၀တ္တုတွေဘာတွေပေါ့ဟု မေးတော့ သူမက နာမည်တချို့ရွတ်ပြသည်။ အပျင်းပြေတောင် မဖတ်မိတဲ့ အပျင်းပြေစာအုပ်များ။သူမဆိုပြသော သီချင်းများလိုပင် သူမရွေးချယ်ဖတ်သော စာရေးသူအမည်နာမများက အပေါစားဆန်လိုက်တာလို့ သူတွေးမိသည်။

ဖွင့်ထားသော ဂြိုလ်တုတီဗီအစီအစဉ်မှ အင်္ဂလိပ်ကားတစ်ကား၏ စာတန်းထိုးကို သူမက အလွယ်တကူ ရွတ်လိုက်ချိန်တွင် သူအံ့အားသင့်သွားသည်။ သူမက စစ်ကားပဲဟု ပြောသည်ကို နားထောင်ရင်း။ မင်း ကျောင်းဘယ်ထိနေခဲ့တာလည်း မေးတော့ သူမက နောက်ဆုံးနှစ်ရောက်ပြီတဲ့။ အိုး ... ဒီလိုကောင်မလေးက
တက္ကသိုလ်ကို နောက်ဆုံးနှစ်ထိတက်ခဲ့ပါလား။ ဒီနှစ်က ပိုက်ဆံမရှိလို့ မတက်တာလို့ တဆက်တည်းပြောတော့ သူချက်ချင်း ခံတွင်းချဉ်လာသည်။" ကိုယ့်ကို စီးကရက်ဘူး ယူပေးစမ်းပါ။" သူမ ရင်ခွင်ထဲမှထကာ စီးကရက်ဘူးထဲမှ တစ်လိပ်ကို ယူပြီးမီးညှိ၊ ပြီးမှ ကိုယ့်ကို လှမ်းပေးသည်။ ကိုယ် ခါးမတ်မတ်ထိုင်လိုက်တော့ သူက ကိုယ့်နားမှာ ခွေခွေလေးလှဲချရင်း ဆံပင်တွေကို လက်နှင့်လိမ်ဆော့နေသည်။ ပြီးတော့ သူ့အကြောင်းကို အေးအေးဆေးအေးပင် ခပ်တည်တည်ပြောတော့သည်။ ဒီလိုကောင်မလေးတွေ ပြောနေကြစကားဖြစ်မှာပါ။
" အဖေနဲ့ အမေနဲ့က ကွဲနေကြတယ်။ အမေက နောက်အိမ်ထောင်နဲ့ဆိုတော့ အဲ့အိမ်မှာမနေချင်ဘူး။ "
ကိုယ်စီးကရက်ပြာကို ချွေချလိုက်ရင်း သူမစကားကို အင်း လိုက်လိုက်မိသည်။ "အဒေါ်နဲ့လိုက်နေတယ်။ အရင်ကတော့ စတိုးဆိုင်မှာ လုပ်တာပဲ။ လခက လေးသောင်းလောက်ပဲရတာ။
အဒေါ်အိမ်မှာ နေတာဆိုတော့ အလကားနေရင်မကောင်းတော့ လခထဲက သူ့ကိုလည်း နည်းနည်းပေးတာပေါ့။ လခလေးလေးသောင်းမှာ သူ့ကိုနှစ်သောင်းပဲပေးလို့လည်းမကောင်းဘူး။သုံးသောင်းလောက်ပေးပြန်တော့လည်း ကားခအတွက် တစ်သောင်းလေးနဲ့ မဖြစ်ပြန်ဘူးလေ။" ကိုယ် ... အင်း လိုက်လိုက်ပြန်သည်။
"အဲ့ဒါနဲ့ ခုအလုပ်လုပ်လုပ်ဖြစ်တာပဲ။" " အဒေါ်က မရိပ်မိဘူးလား"လို့ ကိုယ်မေးမိတော့"ညီမဒီအလုပ်လုပ်နေမှန်း အဒေါ်သိပါတယ်" တဲ့။ စီးကရက်မီးခိုးငွေ့တွေကို သူမနှင့်ဝေးရာဘက် မှုတ်ထုတ်ရင်း
ကိုယ် ဘာတွေးနေလည်း ကိုယ်ပြန်စဉ်းစားမိတာ ခန ခန။

ခုအလုပ်ကတစ်လကို နှစ်သိန်းလောက်ရတယ်။အ၀တ်အစားဖိုးပြန်နှုတ်ရင် တစ်သိန်းကျော်လောက်တော့ ကျန်မှာပေါ့။ အင်း .. သုံးလလောက်လုပ်ပြီးရင် အလုပ်ထွက်တော့မယ်။ အင်း .. ဒီအလုပ်က ထွက်ပြီး မင်း ဘာဆက်လုပ်မှာလဲလို့ ကိုယ်မေးတော့ သူမက ကျောင်းပြန်တက်မှာပေါ့တဲ့။ ကျောင်းပြီးတော့ကော။
ကိုယ်ဆို ကျောင်းပြီးကတည်းက ဝေလေလေပဲဆိုတော့ သူမက ပြုံးပြီး အဝေးက တီဗီဖန်သားပြင်ကို ခပ်ငေးငေးကြည့်ရင်း ကျောင်းဆရာမ အတတ်သင်ထပ်တက်မယ်တဲ့။ ဘုရားရေ ... ကိုယ် သူမကိုသေချာကြည့်မိတော့ သူမသည် တကယ်က တီဗီဇာတ်လမ်းကို ကြည့်ပြုံးနေခြင်းမဟုတ်ဟု သူတကယ်ကို ယုံကြည်မိပါသည်။ မင်း သတ္တိရှိလှချည်လား။ ဒါက တက္ကသိုလ်ဝင်တန်းဖြေတဲ့ အမှတ်နဲ့ ခေါ်တာမဟုတ်လားလို့ သူကြားဖူးနားဝနဲ့မေးတော့ သူမက မဟုတ်ဘူး။ ဘွဲ့ရတွေလည်း တက်လို့ရတဲ့ဟာ ရှိတယ်လို့ဖြေသည်။
သူမဖြေနေပုံ ပြောနေပုံတွေက တကယ်ပင် ဆရာမတစ်ယောက်လို သူမကိုယ် သူမ ထင်မြင်လာပုံရသည်။ ပြီးတော့ သူမ ခပ်တွေတွေဖြစ်သွားပြန်တော့ ကိုယ်စိတ်မကောင်းဖြစ်သွားပြီး
အင်း ... မင်းဆံပင်ရှည်ရှည်တွေကို ဆံထုံးလေးထုံး၊ အဖြူအစိမ်းဝတ်စုံနဲ့ဆို တကယ်လှမှာပဲဆိုတော့ သူမက ကိုယ့်ကိုပြုံးပြသည်။ ဒါ တကယ်ဖြစ်နိုင်လား မဖြစ်နိုင်လား ကိုယ်မသိပါ။

တကယ်လားလို့ သူပြန်လည်မေးသည်ကို အသာအယာပင်ပြုံးပြလိုက်ရင်း ခေါင်းငြိမ့်လိုက်တော့ ပြုံးပြန်သည်။ ဒီမိန်းကလေးက ခနခန ပြုံးနေနိုင်တယ်လို့ ကိုယ်သတိပြုမိပြန်သည်။
ကိုယ်ကတော့ ဘာလုပ်ရမှန်းကို မသိဘူးဟု ပြောမိတော့ လူဆိုတာ ရည်မှန်းချက်ရှိရတယ်ရှင့် တဲ့။ သူ လွတ်လွတ်လပ်လပ်ရီမိပြီး ဟုတ်ကဲ့ ဆရာမဆိုတော့ သူမက လှောင်တာလားလို့ ပြန်မမေးပါ။
ကိုယ် ... မလှောင်ပါ။ ဒီတစ်ခါတော့ဖြင့် ကိုယ်မလှောင်ပြောင်မိပါ။ မိုးမြန်မြန်ပြန်လင်းဖို့ ကိုယ်ဆုမတောင်းမိသော်လည်း မိုးလင်းစေချင်ပါပြီ။ စီးကရက်မီးကို ပြာခွက်ထဲထိုးချေရင်း ကိုယ့်ကိုယ်ကို အသာလျောလိုက်တော့ သူမက တစ်ခါအနားပြန်တိုးကပ်လာသည်။ သူမက ကိုယ့်ပခုံးစွန်းအောက်နား ခေါင်းတင်ရင်း သူမသိထားသော ဟာသပုံပြင်များနှင့် ဗီဒီယိုဇာတ်ကားများ အကြောင်းကို တတွတ်တွတ်ပြောနေပါသည်။သူမခေါင်းကိုသာ ဖွဖွပုတ်ရင်း အခန်းတွင်းသို့ ထိုးဝင်ရောက်လာမည့် အလင်းရောင်ကို ကိုယ်စောင့်နေမိပါတော့သည်။

မျှော်လွန်းလို့များ လာချိန်နောက်ကျလေရော့သလား အလင်းရယ် ... ... ... ... ... ... ...။ ။