လိမ္မော်ရောင်ထမင်းချိုင့်လေး ... ဟုတ်သည်။ အတိတ်ကိုပြန်သွားလျင် ပထမဆုံးစရမည့်နေရာမှာ လိမ္မော်ရောင်ထမင်းချိုင့်လေးဖြစ်သည်။ ထိုထမင်းချိုင့်လေးကိုသာ စိတ်ထဲစွဲစွဲမြဲမြဲရှိပါတော့သည်။
ထို့ပြင် အမိုးမြင့်မြင့်နှင့်ဘုရားရှိခိုးကျောင်း၊ မြက်ခင်းပြင်ကျယ်၊ လေတိုက်တိုင်း အသံတရှဲရှဲထွက်သည့် ယူကလစ်ပင်များ။ အဒေါ်အငယ်က ကျနော့်ကို ချီပိုး၍ကျောင်းလိုက်ပို့လေ့ရှိသည်။
ကျောင်းဝင်းထဲမ၀င်မီ တုတ်တံလေးနှင့်ချိုချဉ်ပြားလေး ၀ယ်ပေးတတ်သည်။ ကျနော်ငယ်ငယ်က တော်တော်ဆိုးသည်ဟု အဒေါ်ကပြောပါသည်။ အဒေါ်ကျောင်းဆရာမထံတွင် စာလာသင်သော တရုတ်မလေးသည်
ကျနော့်တစ်ဦးတည်းသော ကစားဖော်။ ကျနော့် ကစားစရာများကို သူမအားထုတ်ပြတတ်သောလည်း သူမကို ဘယ်တော့မှ မကစားစေပါ။ သူမက မကစားရလျင်ပြန်မည်ဆိုလျင် ကျနော်က အော်ဟစ်ငိုယိုတော့သည်။
ထိုအခါ သူမသည် ကျနော်ကစားသမျှကို ဘေးမှသာထိုင်ကြည့်နေရလေသည်ဟု အဒေါ်ကပြန်ပြောပြ၍ ကျနော်သိရပါသည်။ ကျနော်မုန့်ပူဆာလျင် အဒေါ်က လမ်းတဘက်ခြမ်းမုန့်ဆိုင်မှ မုန့်ဝယ်ပေးလေ့ရှိသည်။
ကျနော်သည် ပိုက်ဆံနှင့်ဝယ်စားရမှန်း နားမလည်ပါ။ အဒေါ်မရှိသည့်အခါများတွင် ထိုဆိုင်သို့ ခပ်တည်တည်သွားကာ လက်ဖြန့်လေ့ရှိသည်။ ဆိုင်ရှင်များကလည်း မုန့်တစ်ခုပေးကာ အိမ်ပြန်ပို့ပေးလေ့ရှိသည်။
အဒေါ်က လက်တွင်းမှမုန့်ကိုမြင်မှ ဆိုင်ရှင်များကို ပိုက်ဆံသွားပေးရလေ့ရှိကြောင်း ကျနော့်ကိုပြောပြပါသည်။
ကျောင်းမြက်ခင်းများသည် အစိမ်းရောင်လား၊ အ၀ါရောင်သမ်းနေလား ကျနော်မမှတ်မိပါ။ ရုပ်ရှင်ရုံနှင့် အိမ်နီးသောကြောင့် တစ်ပတ်တစ်ခါမျှ အဒေါ်ကရုပ်ရှင်လိုက်ပြပါသည်။
ထိုစဉ်က ကျနော်သည် ဒေးဗစ်ချန်းဖြစ်ချင်ခဲ့သည်တဲ့။ လက်တစ်ဖက်ပြတ်ဒါးသမား ဒေးဗစ်ချန်းကိုကြည့်ကာ အိမ်ပြန်လာလျင် တော်တော်ဖြင့်မအိပ်တော့။ အိပ်ယာထက်တွင် သိုင်းချပါတော့သည်တဲ့။
ထို့နောက်ပိုင်းကာလများကို ကျနော်မမှတ်မိတော့ပါ။
ကျနော် မေမေ့ထံသွားနေရပါသည်။ အမေက ကျနော့်ကိုလွတ်လျက် အလုပ်လုပ်လိုလျင် ပုံပါသော စာအုပ်တစ်အုပ် ရှေ့တွင်ဖွင့်ထားခဲ့ရုံသာဟု ပြောပါသည်။ ကျနော်သည် ကာတွန်းရုပ်ပြစာအုပ်လေးများနှင့်
ကြီးပြင်းလာပါသည်။ ရွှေသွေးစာစောင်များကို အပတ်တိုင်းဝယ်ကာ တွဲချုပ်ထားပေးသော စာအုပ်အထူကြီးကို အပြန်ပြန်အလှန်လှန်ကြည့်လေ့ရှိသည်ဟု ပြောပါသည်။ ကျနော်ထိုအချိန်က ဘာဖြစ်ချင်ခဲ့သည်ကို
အမေက မပြောပြခဲ့ပါ။ ကျနော့်ကို ရောင်စုံခဲတံများ ၀ယ်ပေးထားသောကြောင့် ကျနော်သည် ပုံများဆွဲတတ်လာပါသည်။ အဖေ့ပုံ၊ အမေ့ပုံ၊ ကားပုံ၊ ကြက်ကလေးများပုံစသည်ဖြင့် ကျနော်ဆွဲတတ်လာပါသည်။
ကျနော့် မိုးတိမ်များသည် စိမ်းပြီး၊ ကျနော့် လယ်ကွင်းများက ပြာမနေပါ။ ကျနော့်တောင်တန်းများသည် နီမနေပါ။
မူလတန်း ၊ အလယ်တန်းကျောင်းသားဘ၀တွင် ကျနော်သည် ဥာဏ်ကောင်းပြီး အပျင်းထူသောကောင်လေးတစ်ယောက်ဖြစ်လာပါသည်။ ကျောင်းသင်ခန်းစာအုပ်များနောက်တွင် ပုံဆွဲသောအလေ့အကျင့်ကြောင့်
ကျနော့်လက်ခုံကို မေမေခနခနရိုက်သည်ကို ခံရဖူးပါသည်။ ဘကြီးဖြစ်သူ၏ စာအုပ်စင်မှ စွယ်စုံကျမ်းများမှ ဂရိနတ်ဒဏ္ဍာရီပုံပြင်များကို ဖတ်ရင်း အခြားအကြောင်းအရာများကိုဖတ်မိရာမှ စာဖတ်ဝါသနာပါလာခဲ့သလား
ကျနော်မသိပါ။ အမဖြစ်သူ၏ ဒိုင်ယာရီစာအုပ်အဟောင်းမှ ကဗျာများကိုဖတ်မိရာမှ ကဗျာဆိုသည်ကို စသိသည်ကိုတော့ မှတ်မှတ်ရရရှိပါသည်။ အလယ်တန်းကျောင်းသားဘ၀ကုန်သည့်တိုင် ကျနော်သည်
ဂေါ်လီလှိမ့်ကောင်းတုန်း၊ စွန်လိုက်ကောင်းတုန်း ... ၀တ္ထုဖတ်ကောင်းတုန်းပင်ဖြစ်သည်။ အတန်းထဲတွင် ပုံများဆွဲပြီး ကိုယ်ဆွဲသောပုံများကို သဘောကျသူရှိလျင် ၀မ်းသာဂုဏ်ယူတတ်သူဖြစ်သည်ကလွဲလျင်
ကျနော် ဘာဖြစ်ချင်သည်ကို ကျနော်မတွေးမိပါ။
ကျနော် အထက်တန်းကျောင်းအရောက်တွင် ကျောင်းစာကို လုံးလုံးစိတ်မ၀င်စားဘဲ သူငယ်ချင်းများကို ရည်းစားစာရေးပေးတတ်သော၊ ဆေးလိပ်သောက်တတ်သော၊ သိပ္ပံသင်ခန်းစာပုံများကို ဆွဲကူပေးတတ်သော
ခပ်ပေပေကျောင်းသားတစ်ယောက်ဖြစ်လာပါသည်။ ကျနော့်သည် အမေ၊ အဖေ၊ အိမ်နှင့် တစိမ်းဆန်ဆန်သာဖြစ်သည်။ ကျနော့်အသိုင်းအ၀န်းမှာ ကျနော့်သူငယ်ချင်းများနှင့် လမ်းမ၊ လက်ဖက်ရည်ဆိုင်သာ ဖြစ်တော့သည်။
ကျနော်သည် ဆုံးမစကားများကို နာယူသည်ထက် ခံတန်တန်လုပ်တတ်သော ကျောင်းသားဆိုး၊ သားဆိုး၊ သားကပ်လေးသာဖြစ်လာပါသည်။ ကျနော်ထိုအချိန်က ဘာဖြစ်ချင်ခဲ့သည်လည်း ကျနော်မတွေးတတ်ပါ။
ကျနော် ဒဿမတန်းတွင် အချစ်ကို စတင်ခံစားမိသောအခါ ကဗျာသည်လှလာပါသည်။ ညည တိတ်တိတ်လေးထကာ စာရေးတတ်လာသည်။ လရောင်အောက်တွင် လွမ်းတတ်လာပါသည်။
ကျနော် ထိုအချိန်ကဖြစ်ချင်သောအရာရှိခဲ့သည်ဆိုပါက ကျနော် သူမကိုပိုင်ဆိုင်ရသောသူ ဖြစ်ချင်ခဲ့ပါသည်။
ကျနော် ဒဿမတန်းအောင်မြင်သောအခါတွင် ကျနော့်မြို့လေးတွင် မနေချင်သောသူဖြစ်လာပါသည်။ ပထမဆုံးခံစားချက်ကား အားလုံးနှင့်ဝေးရာကို ပြေးထွက်သွားဖို့ပင်ဖြစ်သည်။
ကျနော်သင်္ဘောသားဖြစ်ချင်ခဲ့ပါသည်။ ဂျက်လန်ဒန်၏ ၀ံပုလွေလာဆင်ကိုပင် အားကျခဲ့သည်လား မသိတတ်ပါ။ ကျနော် နော်မန်ဗက်သွန်းဖြစ်ချင်သည်၊ ချေဂွေဗားရားဖြစ်ချင်သည်။ အေဂျေခရိုနင်၏ အင်ဒရူးမေဆန်ဖြစ်ချင်သည်။
ကွိဖြစ်သည်။ မာသာထရီစာဖြစ်ချင်သည်။ အောင်ဝေးလို ဖြစ်လေရာဘ၀တိုင်း ကဗျာဆရာနှင့်ကျောင်းဆရာဖြစ်ချင်သည်။ ထူးအိမ်သင်ဖြစ်ချင်သည်။ ကျနော်သည် နောက်ထပ်သုံးနှစ်ကြာသည့်တိုင် သင်္ဘောသားဖြစ်မလာခဲ့ပါ။
ကျနော့်ကို ဘာဖြစ်ချင်တာလဲလို့မေးသည့်အခါ ကျောင်းစာမကျက်ရသော ဘာကိုမဆိုဖြစ်ချင်သည်ဟု ဖြေမိရာမှ ကျနော် ပန်းချီဆွဲနည်း နည်းနည်းသိသူဖြစ်လာခဲ့ပါသည်။
ယခု ကျနော့်ကို ဘာဖြစ်ချင်သေးလဲဟု မေးမည်ဆိုပါက ယခုလောလောဆယ် သိပ္ပံမောင်ဝ၏ မောင်လူမွှေးလေးသာဖြစ်ချင်နေသည်ဟု ကျနော်ဖြေပါမည်။
Wednesday, December 22, 2010
Saturday, December 18, 2010
အရှိ
ပခုံးစွန်းမှလည်တိုင်းရင်းတို့ သူ့ခေါင်းလေးထိုးဝင်လာသည်ကို အလိုက်သင့်ပင် ခံယူလိုက်ပါသည်။ ဆံပင်လေးတွေက အလုံးခပ်သေးသေး ချောချောမွေ့မွေ့ရှိမှန်း အထိအတွေ့က သိနေရသည်။ မိတ်ကပ်နံ့တထောင်းထောင်း ထမနေတာကို သူသတိပြုမိသည်။ လက်လေးတစ်ဖက်ကို ကိုယ့်ရင်ဘတ်ပေါ်တင်ထားပြီး ကိုယ့် အကြောင်းကို မေးတော့ ကိုယ်ဘာဖြေရမည်မသိ။ "ဘာအလုပ်လုပ်တာလဲ။" ဒီလိုကောင်မလေးကို ကိုယ့်ဘ၀အမှန်ကို ကိုယ်ဖွင့်ပြောလေ့ရှိကြသလား ကိုယ်မသိပါ။ "ကိုယ်လား ... ကိုယ် ဝေလေလေကောင်ပါ။" သူမသည် အလိုက်သိသော ကလေးမလေးဖြစ်မည်။ နောက်မေးခွန်းတစ်ခုက "သီချင်းဆိုတတ်သလား"တဲ့။ အင်း ... ဖြေရခက်တဲ့ မေးခွန်းမဟုတ်။ "ကိုယ်သီချင်းတွေကို ကြိုက်နှစ်သက်ပေမယ့် ကိုယ့်အသံက မကောင်းဘူး။" ဒီလိုဖြေလိုက်တော့ ဆိုပြပါလားတဲ့။ ဒီလိုကောင်မလေးကို ကိုယ်သီချင်းဆိုပြသင့်လား။ ဒါကိုလည်း ကိုယ်မသိပါ။ ကိုယ် မသိတာတွေ သိပ်များနေပြီလား။
သူမ ကြားရုံသာ သီချင်းကို ခပ်တိုးတိုးလေး ညည်းမိသည်။ "ဝေးသွားတဲ့အခါ .. နှလုံးသားမှာ အမြဲတမ်းသတိရနော် ...ကြင်နာခဲ့ဖူးတဲ့အချိန်ခနများ ... ...။ "သာသာယာယာတိတ်တိတ်ဆိတ်ဆိတ် နားထောင်ပြီးမှ မေးပြန်သည်။ ချစ်သူမရှိဘူးလား ဟင် တဲ့။ ရှိခဲ့ပါတယ်လို့ ကိုယ်ပြန်ဖြေလိုက်သည်။
မင်းမှာကောလို့ မေးမိတော့ သူမကလည်း ရှိခဲ့ပါသည်တဲ့။ သြ ... ... ...။ သူမမှာလည်း ချစ်သူရှိခဲ့သည်ပေါ့။ ဘာလို့ ပြတ်သွားတာလဲလို့ ကိုယ့်ကိုမေးတော့ ကိုယ်အသုံးမကျလို့ ကိုယ်ညံ့လို့လို့ ကိုယ်ပြန်ဖြေတဲ့အသံမှာ ဒေါသကိုမြင်တော့ သူမထပ်မမေးတော့။ ကိုယ်အားနာပြီး သူမပခုံးကို အသာအယာပဲ ပွတ်ပေးနေလိုက်တော့သည်။ သူမ စိတ်ကြပ်တည်းနေမှာစိုး၍ ဘာသီချင်းရလည်း မေးတော့ အသံက ၀မ်းသာအားရဖြင့် အို ... အများကြီးရတယ်တဲ့ .. သူမဖြေပြန်သည်။
ထို့နောက် ကိုယ်မခိုင်းရဘဲ သီချင်းတစ်ပုဒ်ပြီး တစ်ပုဒ်ဆိုပြပါတော့သည်။ အသံက ခပ်တိုးတိုး။ သီချင်းတွေက အနှစ်သာရလည်းမရှိဘူးဟု သူထင်ပါသည်။ ထိုအကြောင်းကိုတော့ သူမကို မပြောပါ။ မင်းစာအုပ်တွေကောဖတ်သလား။ ၀တ္တုတွေဘာတွေပေါ့ဟု မေးတော့ သူမက နာမည်တချို့ရွတ်ပြသည်။ အပျင်းပြေတောင် မဖတ်မိတဲ့ အပျင်းပြေစာအုပ်များ။သူမဆိုပြသော သီချင်းများလိုပင် သူမရွေးချယ်ဖတ်သော စာရေးသူအမည်နာမများက အပေါစားဆန်လိုက်တာလို့ သူတွေးမိသည်။
ဖွင့်ထားသော ဂြိုလ်တုတီဗီအစီအစဉ်မှ အင်္ဂလိပ်ကားတစ်ကား၏ စာတန်းထိုးကို သူမက အလွယ်တကူ ရွတ်လိုက်ချိန်တွင် သူအံ့အားသင့်သွားသည်။ သူမက စစ်ကားပဲဟု ပြောသည်ကို နားထောင်ရင်း။ မင်း ကျောင်းဘယ်ထိနေခဲ့တာလည်း မေးတော့ သူမက နောက်ဆုံးနှစ်ရောက်ပြီတဲ့။ အိုး ... ဒီလိုကောင်မလေးက
တက္ကသိုလ်ကို နောက်ဆုံးနှစ်ထိတက်ခဲ့ပါလား။ ဒီနှစ်က ပိုက်ဆံမရှိလို့ မတက်တာလို့ တဆက်တည်းပြောတော့ သူချက်ချင်း ခံတွင်းချဉ်လာသည်။" ကိုယ့်ကို စီးကရက်ဘူး ယူပေးစမ်းပါ။" သူမ ရင်ခွင်ထဲမှထကာ စီးကရက်ဘူးထဲမှ တစ်လိပ်ကို ယူပြီးမီးညှိ၊ ပြီးမှ ကိုယ့်ကို လှမ်းပေးသည်။ ကိုယ် ခါးမတ်မတ်ထိုင်လိုက်တော့ သူက ကိုယ့်နားမှာ ခွေခွေလေးလှဲချရင်း ဆံပင်တွေကို လက်နှင့်လိမ်ဆော့နေသည်။ ပြီးတော့ သူ့အကြောင်းကို အေးအေးဆေးအေးပင် ခပ်တည်တည်ပြောတော့သည်။ ဒီလိုကောင်မလေးတွေ ပြောနေကြစကားဖြစ်မှာပါ။
" အဖေနဲ့ အမေနဲ့က ကွဲနေကြတယ်။ အမေက နောက်အိမ်ထောင်နဲ့ဆိုတော့ အဲ့အိမ်မှာမနေချင်ဘူး။ "
ကိုယ်စီးကရက်ပြာကို ချွေချလိုက်ရင်း သူမစကားကို အင်း လိုက်လိုက်မိသည်။ "အဒေါ်နဲ့လိုက်နေတယ်။ အရင်ကတော့ စတိုးဆိုင်မှာ လုပ်တာပဲ။ လခက လေးသောင်းလောက်ပဲရတာ။
အဒေါ်အိမ်မှာ နေတာဆိုတော့ အလကားနေရင်မကောင်းတော့ လခထဲက သူ့ကိုလည်း နည်းနည်းပေးတာပေါ့။ လခလေးလေးသောင်းမှာ သူ့ကိုနှစ်သောင်းပဲပေးလို့လည်းမကောင်းဘူး။သုံးသောင်းလောက်ပေးပြန်တော့လည်း ကားခအတွက် တစ်သောင်းလေးနဲ့ မဖြစ်ပြန်ဘူးလေ။" ကိုယ် ... အင်း လိုက်လိုက်ပြန်သည်။
"အဲ့ဒါနဲ့ ခုအလုပ်လုပ်လုပ်ဖြစ်တာပဲ။" " အဒေါ်က မရိပ်မိဘူးလား"လို့ ကိုယ်မေးမိတော့"ညီမဒီအလုပ်လုပ်နေမှန်း အဒေါ်သိပါတယ်" တဲ့။ စီးကရက်မီးခိုးငွေ့တွေကို သူမနှင့်ဝေးရာဘက် မှုတ်ထုတ်ရင်း
ကိုယ် ဘာတွေးနေလည်း ကိုယ်ပြန်စဉ်းစားမိတာ ခန ခန။
ခုအလုပ်ကတစ်လကို နှစ်သိန်းလောက်ရတယ်။အ၀တ်အစားဖိုးပြန်နှုတ်ရင် တစ်သိန်းကျော်လောက်တော့ ကျန်မှာပေါ့။ အင်း .. သုံးလလောက်လုပ်ပြီးရင် အလုပ်ထွက်တော့မယ်။ အင်း .. ဒီအလုပ်က ထွက်ပြီး မင်း ဘာဆက်လုပ်မှာလဲလို့ ကိုယ်မေးတော့ သူမက ကျောင်းပြန်တက်မှာပေါ့တဲ့။ ကျောင်းပြီးတော့ကော။
ကိုယ်ဆို ကျောင်းပြီးကတည်းက ဝေလေလေပဲဆိုတော့ သူမက ပြုံးပြီး အဝေးက တီဗီဖန်သားပြင်ကို ခပ်ငေးငေးကြည့်ရင်း ကျောင်းဆရာမ အတတ်သင်ထပ်တက်မယ်တဲ့။ ဘုရားရေ ... ကိုယ် သူမကိုသေချာကြည့်မိတော့ သူမသည် တကယ်က တီဗီဇာတ်လမ်းကို ကြည့်ပြုံးနေခြင်းမဟုတ်ဟု သူတကယ်ကို ယုံကြည်မိပါသည်။ မင်း သတ္တိရှိလှချည်လား။ ဒါက တက္ကသိုလ်ဝင်တန်းဖြေတဲ့ အမှတ်နဲ့ ခေါ်တာမဟုတ်လားလို့ သူကြားဖူးနားဝနဲ့မေးတော့ သူမက မဟုတ်ဘူး။ ဘွဲ့ရတွေလည်း တက်လို့ရတဲ့ဟာ ရှိတယ်လို့ဖြေသည်။
သူမဖြေနေပုံ ပြောနေပုံတွေက တကယ်ပင် ဆရာမတစ်ယောက်လို သူမကိုယ် သူမ ထင်မြင်လာပုံရသည်။ ပြီးတော့ သူမ ခပ်တွေတွေဖြစ်သွားပြန်တော့ ကိုယ်စိတ်မကောင်းဖြစ်သွားပြီး
အင်း ... မင်းဆံပင်ရှည်ရှည်တွေကို ဆံထုံးလေးထုံး၊ အဖြူအစိမ်းဝတ်စုံနဲ့ဆို တကယ်လှမှာပဲဆိုတော့ သူမက ကိုယ့်ကိုပြုံးပြသည်။ ဒါ တကယ်ဖြစ်နိုင်လား မဖြစ်နိုင်လား ကိုယ်မသိပါ။
တကယ်လားလို့ သူပြန်လည်မေးသည်ကို အသာအယာပင်ပြုံးပြလိုက်ရင်း ခေါင်းငြိမ့်လိုက်တော့ ပြုံးပြန်သည်။ ဒီမိန်းကလေးက ခနခန ပြုံးနေနိုင်တယ်လို့ ကိုယ်သတိပြုမိပြန်သည်။
ကိုယ်ကတော့ ဘာလုပ်ရမှန်းကို မသိဘူးဟု ပြောမိတော့ လူဆိုတာ ရည်မှန်းချက်ရှိရတယ်ရှင့် တဲ့။ သူ လွတ်လွတ်လပ်လပ်ရီမိပြီး ဟုတ်ကဲ့ ဆရာမဆိုတော့ သူမက လှောင်တာလားလို့ ပြန်မမေးပါ။
ကိုယ် ... မလှောင်ပါ။ ဒီတစ်ခါတော့ဖြင့် ကိုယ်မလှောင်ပြောင်မိပါ။ မိုးမြန်မြန်ပြန်လင်းဖို့ ကိုယ်ဆုမတောင်းမိသော်လည်း မိုးလင်းစေချင်ပါပြီ။ စီးကရက်မီးကို ပြာခွက်ထဲထိုးချေရင်း ကိုယ့်ကိုယ်ကို အသာလျောလိုက်တော့ သူမက တစ်ခါအနားပြန်တိုးကပ်လာသည်။ သူမက ကိုယ့်ပခုံးစွန်းအောက်နား ခေါင်းတင်ရင်း သူမသိထားသော ဟာသပုံပြင်များနှင့် ဗီဒီယိုဇာတ်ကားများ အကြောင်းကို တတွတ်တွတ်ပြောနေပါသည်။သူမခေါင်းကိုသာ ဖွဖွပုတ်ရင်း အခန်းတွင်းသို့ ထိုးဝင်ရောက်လာမည့် အလင်းရောင်ကို ကိုယ်စောင့်နေမိပါတော့သည်။
မျှော်လွန်းလို့များ လာချိန်နောက်ကျလေရော့သလား အလင်းရယ် ... ... ... ... ... ... ...။ ။
Subscribe to:
Posts (Atom)