Tuesday, February 22, 2011

မော်ကျွန်းသို့

            သင်္ဘောဆိပ်ကို ခြေချမိလျင်ပင် ရန်ကုန်သည် ရန်ကုန် မဟုတ်တော့သလို ချက်ချင်းပင် ပြောင်းလဲ သွားသည်။ မြို့တွင်း လမ်းမများမှလို ကားကောင်း ကားသန့်မရှိ၊ စကပ်တိုတို မရှိ၊ ကြော်ငြာ ဆိုင်းဘုတ်များ မရှိ၊ အဆင့်မြင့် ကော်ဖီဆိုင် မရှိ။ ဆိပ်ခံ တံတားပေါ်တွင် မြေပဲပြုတ်သည်၊ ပြောင်းဖူးသည်၊  ကုလား ဘယာ ကြော်သည်၊ ကုန်တင် ကုန်ချ အလုပ်သမားများ၊ ဈေးတောင်းများ ခါးထစ်ခွင်ကာ သယ်ရင်း အိမ်ပြန်တော့မည့် သူများ၊ ဆေးလိပ် ကွမ်းယာ ... ဆေးလိပ် ကွမ်းယာသံသည် သင်္ဘော စက်သံကြားမှ တချက် တချက် ပေါ်ပေါ် လာတတ်သေးသည်။ သင်္ဘော စားသောက်ခန်းမှ မြစ်ပြင်ဘက်သို့ မျှော်ကြည့် လိုက်လျင် ဇင်ယော် ငှက်လေးများက မြစ်ရေပြင်တွင် လှိုင်းစီးသူ စီး၊ ၀ဲကာ ပျံသူပျံနှင့် ရှိနေကြသည်။ သမ္ဗာန်လေးများ ခတ်ကာ မြစ်ကို ဖြတ်လာလျင် သူတို့က အုပ်စုလိုက် ဘေးပတ်လည်မှ ၀ဲကာ ပျံကာ လိုက်လာသည်ကို မြင်ရသည်။ သင်္ဘော တစ်စင်း၏ ကိုယ်သင်းနံ့သည် မည်သည့်နေရာပင် ရောက်ရောက် အတူတူပင် ဖြစ်သည်။

             ဆိပ်ခံက သင်္ဘော ခွာတော့ နေလုံးသည် အနောက်စွန်းကို ဆင်းလေပြီ။ မြစ်ရေ နောက်နောက်ကို ခွဲကာ အမြုပ်ထစေလျက် နောက်ဖျားတွင် ဂယက်တန်း ချန်ကာ ခွာခဲ့တော့ ရန်ကုန်သည် ညထဲ ဟန်ရေးပြရင်း အလှဆင်နေပြီ။ တူးမြောင်း နံဘေးတွင် လတာပြင်များ..။  လတာပြင်ပေါ်တွင် ဖျားနာနေသော သင်္ဘော တစင်းတလေ တင်နေသည်ကို မြင်ရလျင် အထီးကျန် ဆန်လာသည်။ သင်္ဘော တစ်စင်းအတွက် အလုံခြုံ အနွေးအထွေးဆုံး နေရာမှာ ဆိပ်ကမ်းသာ ဖြစ်သည် ဆိုသော်လည်း ထိုကဲ့သို့ သောင်ပေါ် ပိုးလိုးပက်လက် လန်မနေချင်ပါ။

              သင်္ဘော ခေါင်မိုးပေါ် တက်ကာ ခေါင်းတိုင် ဘေးနား ထိုင်ရင်း အနောက်ဆီ မျှော်တော့ ကောင်းကင် သည် အရောင်စုံနေပြီ။ လိမ္မော်မှ အနီသွေးထိ ဆင်းသွားကာ ထိုမှတဖန် မရမ်းပြာ အပြာ စသည်ဖြင့် ရောင်စုံ ရောယှက်လျက်။ ဇင်ယော်တို့သည် အသုတ်လိုက် အသုတ်လိုက် ခေါင်းပေါ်မှ ဖြတ်ပျံ သွားကြသည်။ တံငါ လှေလေးများက ဟိုနား တစ်စင်း၊ ဒီနား တစ်စင်း။ တံငါလှေလေး တစ်စင်းတွင် ယောက်ျားဖြစ်သူက ပိုက်ချရန် ပြင်နေစဉ် မိန်းမ ဖြစ်သူက လှေခွက်ထဲမှ ရေများကို ပက်ထုတ် နေသည်ကို မြင်ရသည်။ လှေလေးပေါ် တွင်ကား မီးအိမ်လေး တစ်လုံးသာ ထွန်းထားသည်။ ညနေရီရီ မှောင်စပျိုးမှ အလုပ်ခွင် စရသည်လား။ ကမ်းပါးပေါ်မှ စေတီတော်ကား ထီးတော်တွင် ရှိသည့် တစ်ပွင့်တည်းသော မီးသီးလေးကို ထွန်းလင်းလျက်။ ဘုရားရှင်သည် ထိုအသက်မွေးမှုကို ပြုနေသော တံငါ လင်မယားအား ထောက်ထား ညှာတာပါလိမ့်မည်။ မြစ်ကို ခွကာ တည်ဆောက် ထားသော တံတားသည် အမှောင်ထဲတွင် တိတ်တဆိတ်သာ လဲလျောင်း နေသည်။ တံတားကို မော့ကြည့်တော့ ကောင်းကင်တွင် ဖြတ်သွားသော လေယာဉ် တစ်စင်းမှ မီးတလက်လက်ကို တွေ့ရသည်။ ထွက်ခွာသည်လား ၊ ဆိုက်ရောက်သည်လား။

                 တူးမြောင်းထဲတွင် စုန်နေ ဆန်နေသော သင်္ဘောများမှာ အုပ်စုလိုက် သွားလာ နေကြသည်နှင့် တူသည်။ စက်လှေ တချို့မှ မီးထွန်းထားပုံမှာ အိပ်မက်ဆန်နေသည်။ စက်လှေ ကိုယ်ထည် အမှောင်ရိပ်တွင် ထွန်းထားသော မီးရောင်စုံမှ အလင်းစက်များက နီသည့်နေရာ နီ၊ ၀ါသည့်နေရာ ၀ါ၊ အပြာသန်းသည့် နေရာ သန်းနှင့် ...  အမှောင်ထုထဲ စက်သံပေးကာ သူလည်း တရွေ့ရွေ့၊  ကိုယ်ကလည်း တရွေ့ရွေ့။  ကြားခံ ဆိပ်ကမ်းလေးများကို ဆိုက်ရောက်သည့် အခါ ငုံးဥပြုတ်၊ ကြက်ဥပြုတ် ဆိုသည့် အသံ၊ အိမ်ပြန် လက်ဆောင် ငါးမုန့်ခြောက် ဆိုသည့် အသံလေးများ ပြန်ကြားရပြန်သည်။ စားစရာ မုန့်ထုပ်လေးများ သီထားသည့် သံကြိုးကွင်းကို လက်တစ်ဖက်က ကိုင်ကာ သင်္ဘောပေါ် တွယ်တက်ပုံကို ကြည့်ရင်း ရင်မော ရပြန်သည်။

              သင်္ဘော ထဲတွင်ကား အိပ်သူ အိပ်၊ ခွေကြည့်နေသူ ကြည့်၊ ဖဲရိုက်နေသည့်သူက ရိုက်နှင့်။ ကလေးများကား မအိပ်နိုင်သေး မြစ်လေအေးအေးကို အံတုရန် ထွေးထားပေးသည့် စောင်ထဲမှ ထထခုန် နေသည်ကို ကြည့်ကာ ရီနေသော မိဘများ... ထိုမြင်ကွင်းကို မြင်လျင် ကလေးဘ၀ ခရီးသွားခဲ့သည်ကို ပြန်ပြန် အမှတ်ရလာသည်။ စားသောက်ခုံတွင် ဘီယာ သောက်သူ၊ ကော်ဖီ သောက်သူများလည်း ရှိသေးသည်။ စားသောက်ဆိုင်မှ ကလေးမလေးများအတွက် ဒီသင်္ဘော ခရီးစဉ်ကို အစုန်အဆန် ငြီးငွေ့နေအောင် စီးကြ ရရှာပေလိမ့်မည်။

                   ကြားခံ ဆိပ်ကမ်း သုံးခု ကပ်ပြီးသည့် အခါ လမ်းဆုံး ဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ပြီ။ မြို့လေးသည် အေးအေးချမ်းချမ်းနှင့် တိတ်တိတ်ဆိတ်ဆိတ်သာ ကြိုဆိုနေလေသည်။ ဆိပ်ခံတံတားလေးမှ ကမ်းပေါ်သို့ ရောက်လျင် ဆိုက်ကား ငှားမလား၊ ဆိုင်ကယ်ကယ်ရီ ရှိတယ် အကို ဆိုသည့် အသံများ တိုးတိုးတိတ်တိတ် ကြားရသည်။ ခရီးသည်များကို အလုအယက် ဆွဲခေါ်သည့်ဟန် မပေါ်ပါ။ ပဲ့ထောင် လိုက်မလား ပဲ့ထောင် လိုက်မလားဟု ခေါ်သံ ကြားသောအခါ ဤမြို့မှ ထပ်ဆင့်ကာ ရွာများဆီသို့ ဆက်လက် ခရီးသွားမည့်သူများ ရှိပါသေးလားဟု သိလိုက်ရသည်။

                   တည်းခိုမည့် အိမ်သားများကို အာရုဏ် မလင်းမှီ နိုးရမည် အားနာသဖြင့် ကမ်းနားက လက်ဖက်ရည်ဆိုင် မှောင်မှောင်လေး ထဲသို့ ၀င်လာခဲ့သည်။ မီးချောင်းလေး တစ်ချောင်းသာ ထွန်းထားသော လက်ဖက်ရည်ဆိုင်လေးတွင် လူများက တီးတိုးစကား ဆိုလျက်.. ဆိုင်ရှေ့ မြစ်ပြင်တွင်ကား တစ်ညလုံး စက်သံ တညံညံဖြင့် ခုတ်မောင်းလာကြသော သင်္ဘောများက လှိုင်းများ၏ အပွေ့အဖက် အချော့အမြူတွင် ယိမ်းထိုးရင်း ငိုက်မြည်း နေကြလေသည်။ မြို့လေးကား အလင်းစက်တို့ လာမပုတ်နိုးမီ စပ်ကြား လူးရင်း လွန့်ရင်း အိပ်မောကြနေဆဲ ... ... ... ... ...။ ။

No comments:

Post a Comment